ရွန်းနီပြော

July 12, 2017

အဲဗာတန်အသင်းကို ပြောင်းရွှေ့ခဲ့ခြင်းဟာ အင်္ဂလန်အသင်းမှာ ပြန်ကစားချင်လို့ဟု ရွန်းနီပြော

အဲဗာတန်အသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဟာ ကစားသမားဘ၀ကနေ အနားယူဖို့ မဟုတ်ဘဲ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြန်ကစားချင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ရွန်းနီက ပြောပါတယ်။ အသက် ၃၁ နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ရွန်းနီဟာ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့တာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်း ကနေလည်း ချန်လှပ်ခံခဲ့ရတာပါ။ လက်ရှိအချိန်မှာ အဲဗာတန်အသင်းနဲ့အတူ ခြေစွမ်းပြကစားဖို့ ကြိုးစားမှာဖြစ်ပြီး အဲဗာတန်မှာ ပုံမှန်ပွဲထွက်ခွင့်ရမယ်ဆိုရင် အင်္ဂလန်လက်ရွေးစင်အသင်းက မိမိကိုမေ့ထားမှာ မဟုတ်ဘူး လို့လည်း ရွန်းနီက ဆိုပါတယ်။ အဲဗာတန်အသင်းမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာဖြစ်လို့ စိတ်လူပ်ရှားမိပြီး လက်ရှိအချိန်ဟာ မိမိကစားသမား ဘ၀အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ရွန်းနီက ဆိုပါတယ်။ အဲဗာတန်နည်းပြ ရော်နယ်ကိုးမန်းကတော့ ရွန်းနီဟာ အတွေ့အကြုံရှိတဲ့ ကစားသမားဖြစ်ပြီး လူငယ်တွေအတွက် စံပြကစားသမားလည်းဖြစ်ကြောင်း၊ အသင်းအတွက် သွင်းဂိုးတွေကိုရယူပေးဖို့လည်း မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
6 years Ago
Up