ရဲပြော

October 29, 2017

သူငယ်ချင်းများထံ ကိုယ်လုံးတီးပုံပို့သည့် ၁၂ နှစ်မိန်းကလေး လိင်ပိုင်းရာဇဝတ်မှုကျူးလွန်ဟု ရဲပြော

အင်္ဂလန်နိုင်ငံ ဝေ့လ်တ်ရှီးယားကောင်တီမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးက သူမရဲ့ ကိုယ်လုံးတီးပုံတွေကို သူငယ်ချင်း ၆ ဦးထံ ပို့တာကို သိရပြီးနောက် ရဲတွေနဲ့ ကောင်စီအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ဒီလိုဓတ်ပုံတွေ ပို့တာက သူမ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်ခဲ့တာလို့ ရဲတွေက အောက်တိုဘာလ ၂၈ ရက်နေ့က ပြောလိုက်ပါတယ်။ ဝါမင်စတာမြို့မှာ ရှိတဲ့ သူမရဲ့ကျောင်းကို ရဲတွေက ဆက်သွယ်ပြီး ဒီလို မိုဘိုင်းဖုန်းကတဆင့် ကိုယ်လုံးတီးပုံတွေ ပို့တာ ဖြစ်နိုင်ခြေရှိတဲ့ အသက်အရွယ်မှန်သမျှကို သေချာအောင် စုံစမ်းခဲ့ပါတယ်။ ဝေ့လ်တ်ရှီးယားကောင်စီ လူမှုဝန်ထမ်းဌာနနဲ့ ရဲတွေ ပူးပေါင်းကာ ဒီဖြစ်ရပ်ကို စုံစမ်းနေတယ်လို့ သိရပြီး ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ဌာနရဲ့ အားလုံးသော လုပ်ဆောင်ချက်တွေက အားနွဲ့တဲ့ အကာအကွယ်ပေးရမယ့်လူတွေကို ကာကွယ်ပေးတာပါ” လို့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။ “အထူးသဖြင့် ဒီလိုပြဿနာတွေမှာ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အမြဲပူးပေါင်း လုပ်ဆောင်ပြီး ပြဿနာတွေကို သင့်တော်အောင် ကိုင်တွယ်ဖြေရှင်းရဲ့လားဆိုတာကို သေသေချာချာ ဆောင်ရွက်ပါတယ်” လို့ ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်တာပါ။
3 years Ago

October 14, 2017

ပျောက်ဆုံးနေသည့် သြစတြေးလျအမျိုးသမီးကြီး မိချောင်းကိုက်ခံရဟု ရဲပြော

သြစတြေးလျနိုင်ငံမှာ ပျောက်ဆုံးနေလို့ ရဲက ရှာဖွေနေတဲ့ အမျိုးသမီးကြီး မိချောင်း ကိုက်ခံရလို့ သေဆုံးနိုင်ကြောင်း ရဲတွေက ပြောလိုက်ပါတယ်။ ကွင်းစလန်ပြည်နယ် ပို့ဒေါက်ဂလက်စ်မြို့နားက ဘိုးဘွားရိပ်သာကနေ အသက် ၇၉ နှစ်အရွယ် စိတ်ရောဂါဖြစ်နေတဲ့ မစ္စအန်းကမ်ရွန် အောက်တိုဘာလ ၁၀ ရက်နေ့က ပျောက်သွားခဲ့တာပါ။ မစ္စကင်မရွန်အမည်ပါ တုတ်ကောက်နဲ့ အဝတ်အစားတွေကို ချောင်းဘေးမှာ တွေ့ခဲ့တယ်လို့လည်း ဆိုပါတယ်။ ချောင်းအနီးအနားမှာ တွေ့တဲ့ အသားအပိုင်းအစတွေက လူခန္ဓာကိုယ် အပိုင်းအစတွေဖြစ်တယ်လို့ ရဲတွေကအတည်ပြုလိုက်ပြီး ဒီအပိုင်းအစတွေက မစ္စကင်မရွန်ရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေ ဖြစ်ဖို့များတယ်လို့ အောက်တိုဘာ ၁၃ ရက်နေ့က ရဲတွေက ပြောပါတယ်။ “ကျနော်တို့ အခုသံသယရှိနေတာက ဒီပျောက်ဆုံးမှုက မိချောင်းကိုက်ခံရတာ ဖြစ်မယ်လို့” စုံစမ်းရေးအရာရှိ အက်လူကင်က ပြောပါတယ်။ “ခန္ဓာကိုယ်အပိုင်းအစတွေကို မှုခင်းစစ်ဆေးမှု လုပ်မယ်။ ဒါပေမယ့် ပို့တ်ဒေါက်ဂလက်စ်ဒေသမှာ အခြား လူပျောက်ဆုံးမှုတွေ ရှိမှာလည်း ကျနော် စိုးရိမ်တယ်” လို့ စုံစမ်းရေးအရာရှိက ပြောပါတယ်။ ဘိုးဘွားရိပ်သာက ၂ ကီလိုမီတာအကွာ ချုံပုတ်တွေဘက်ကို မစ္စကင်မရွန်း လမ်းလျှောက်သွားလို့ မိချောင်းကိုက်ခံရတာလို့ ရဲတွေက ယူဆနေကြပါတယ်။ ဆွေမျိုးတွေနဲ့နီးအောင် သိပ်မကြာသေးခင်က သူမကို ဘိုးဘွားရိပ်သာ ပြောင်းရွှေ့ခဲ့တာလို့ ဒေသခံသတင်းဌာနက ပြောပြီး ခန္ဓာကိုယ် အပိုင်းအစတွေ တွေ့တဲ့နေရာနားမှာ မိချောင်းကို ထောင်ဖမ်းမယ်လို့ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။ ကွင်းစလန်ပြည်နယ်မှာ မတ်လတုန်းက ငါးဖမ်းသမားတဦး မိချောင်းကိုက်ခံရတာ အပါအဝင် ၁၉၈၅ ခုနှစ်မှ ခုချိန်ထိ မိချောင်းကိုက်ခံရတာ လူ ၉ ဦး ရှိပြီလို့ ဘီဘီစီသတင်းမှာ အောက်တိုဘာလ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
More News
Up