ရဲခွေးကလေး

A d v e r t i s e m e n t With Us

March 1, 2016

တရားခံဖမ်းဆီးနိုင်ရန် သခင်ကို ကူညီခဲ့သည့် ရဲခွေးကလေး

နာချိုဟာ သြစတြေးလျနိုင်ငံ အနောက်ပိုင်းက ရဲခွေးကလေးတကောင်ဖြစ်ပြီး တရားခံပြေး ဖမ်းဆီးနိုင်ဖို့ သခင်ကို ကူညီခဲ့ပြီးနောက်မှာ သူရဲကောင်း ခွေးကလေးတကောင်အဖြစ် ရေပန်းစားလာခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။ သူဟာ ပြစ်မှုပေါင်းများစွာနဲ့ ရဲက အလိုရှိနေတဲ့ အသက် ၂၇ နှစ်အရွယ် တရားခံပြေးကို ဖမ်းဆီးတဲ့နေရာမှာ ကူညီခဲ့တာပါ။ သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့၊ လင်းဝုဒ်ရပ်ကွက်ထဲမှာ စုံစမ်းထောက်လှမ်းနေချိန်မှာ တရားခံဟာ အိမ်နီးချင်းရဲ့ အိမ်နောက်ဘက်ခြမ်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တာလို့ သြစတြေးလျအခြေစိုက် နိုင်းနယူးစ်မှာ ဖော်ပြပါတယ်။ ခွေးကလေး နာချိုဟာ အဲဒီအချိန်မှာပဲ တရားခံနောက်ကို ခြေရာခံလိုက်ခဲ့ပြီး  လက်ရဖမ်းဆီးနိုင်ဖို့ တရားခံပုန်းနေတဲ့နေရာကို လမ်းညွှန်ပေးနိုင်ခဲ့တာပါ။ အဲဒီနောက်မှာ ရဲခွေးကလေး နာချိုရဲ့ တရားခံဖမ်းမိရေး ကူညီခဲ့ပုံကို အနောက်သြစတြေးလျပြည်နယ် ရဲဌာနရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ် တင်ခဲ့ချိန်မှာတော့ နာချိုကို သူရဲကောင်းခွေးကလေးအဖြစ် အများက ချီးကျူးခဲ့ကြတာပါ။ “တူတူပုန်းတမ်းကစားရင်း လေ့ကျင့်ပေးခဲ့မှုရဲ့ ရလဒ် - ရဲခွေးကလေး နာချို အဆင့်-၁” လို့ အဲဒီစာမျက်နှာမှာ ဖော်ပြခဲ့တာပါ။ ရဲဌာန ပြောရေးဆိုခွင့်ရ အရာရှိအမျိုးသမီးတဦးက နာချိုဟာ ရဲခွေးကလေးအဖြစ် ၂၀၁၄ ခုနှစ်၊ ဧပြီလတည်းက တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ခုဆိုရင် သုံးနှစ်ပြည့်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
5 years Ago
Up