ရဲအယောင်ဆောင်

December 2, 2017

ရဲအယောင်ဆောင် ငွေလိမ်သူကို ဖေ့စ်ဘွတ်ခ်လိုက်ဖ်လုပ်ပြီး ဖမ်းပေးသည့် မိန်းကလေး (ရုပ်သံ)

ထိုင်းနိုင်ငံက ဘဏ်ဝန်ထမ်းမိန်းကလေးတဦးဟာ သူ့ဆီဖုန်းဆက်ပြီး ငွေလိမ်ဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိအပါအ၀င် ငွေလိမ်ဂိုဏ်းတခုကို ဖေ့စ်ဘုတ်လိုက်ဖ်လွှင့်ပြီး  ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ရာ့ခ်ျပူရီခရိုင်က ဘဏ်ဝန်ထမ်းမိန်းကလေးတဦးဟာ နိုဝင်ဘာ ၃၀ က လုပ်ငန်းခွင်မှာရှိနေစဉ် တယ်လီဖုန်းကောလ်စင်တာတခုမှ ဖုန်းဝင်လာပြီး  သူတို့ဟာ အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က ဖြစ်ကြောင်း၊ မိန်းကလေးရဲ့ ဘဏ်စာရင်းမှာ ငွေကြေးခ၀ါချတဲ့ ဂိုဏ်းတဂိုဏ်းနဲ့ ပတ်သက်နေကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် ဖော်ပြပါ ဖုန်းနံပတ်ကို ပြန်ဆက်သွယ်ဖို့ အမျိုးသမီးတဦးအသံနဲ့ ဖုန်းဝင်လာပါတယ်။ သူမက လိမ်လည်မှုဆိုတာ ခန့်မှန်းသိရှိတဲ့အတွက် NaNa Nana Knc ဆိုတဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကနေ ဖုန်းထဲပြောဆိုနေပုံတွေကို အများပြည်သူ သိစေဖို့ လိုက်ဖ်လွှင့်နေခဲ့ပါတယ်။ သူမဟာ ကော်လ်စင်တာက ညွှန်းလိုက်တဲ့ နံပါတ်ကိုဆက်နှိပ်လိုက်ရာမှာ သူ့ကိုယ်သူ အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က အရာရှိလို့ဆိုတဲ့ လူတဦးက ဖုန်းကိုင်ပြီး သူမဟာ ဘဏ်က ငွေတသိန်းကျော်ချေးငှားထားတာ စစ်ဆေးတွေ့ရှိရကြောင်း၊ သူ့ဘဏ်စာရင်းဟာလည်း ငွေကြေးခ၀ါချအဖွဲ့နဲ့ ဆက်သွယ်ငြိစွန်းနေကြောင်း၊ အမှုပြီးသွားရင် အဆိုပါငွေတွေအားလုံး ပြည်သူပိုင်အဖြစ် အသိမ်းခံရမှာမို့ ဘဏ်ထဲမှာ ဘတ် ၅ ထောင်သာ ချန်ထားပြီး ကျန်ငွေတွေ အားလုံး ရဲအရာရှိရဲ့ ဘဏ်စာရင်းထဲကို ခေတ္တလွှဲပြောင်းထည့်ထားဖို့၊ အမှုကိစ္စပြီးရင် သူမကို ပြန်ပေးအပ်မယ့်အကြောင်း ပြောဆိုနေပါတယ်။ သူမလည်း အလွန်စိတ်ပူသွားတဲ့ပုံစံကို ငိုသံနဲ့ရောနှောပြန်ပြောပြီး ငွေလွှဲပေးရမယ့် ဘဏ်အကောင့်နံပါတ်ကို မေးမြန်းကာ ငွေတသိန်းလွှဲလိုက်ပြီဖြစ်ကြောင်း လိမ်ပြောလိုက်ပါ တယ်။ အဲဒီနောက် ဘဏ်အကောင့်ပိုင်ရှင်ရဲ့ နာမည်နဲ့ နေရပ်လိပ်စာတွေပါ စုံစမ်းသိရှိခဲ့ပါတယ်။ အဆိုပါ အရာရှိဆိုသူရဲ့ နေရာလိပ်စာကို ပြန်ပြောလိုက်ရာမှာ တဘက်အမျိုးသားက အံ့သြပြီး သူမကို ခြောက်လှန့်ပြောဆိုစဉ် သူမကလည်း အခုလိုအမည်နဲ့ လိပ်စာသိခွင့်ရလို့ ကျေးဇူး တင်ကြောင်း၊ မကြာခင် ရဲစခန်းမှာ တိုင်ချက်ဖွင့်ပေးမှာဖြစ်ပြီး ဒီဖြစ်စဉ်အားလုံးကိုလည်း ဖေ့စ်ဘွတ်ခ်လိုက်ဖ်လွှင့်နေကြောင်း၊ ၀င်ကြည့်နေသူ ၆ သိန်းကျော်ရှိပြီး ရဲမှူးတွေပါ ကြည့်နေ တယ်လို့ ပြောလိုက်တော့ တဘက်က ဖုန်းချသွားခဲ့ပါတယ်။ သူမဟာ ပြောတဲ့အတိုင်း ရဲစခန်းမှာ တိုင်ချက်ဖွင့်လိုက်တော့ တာဝန်ရှိသူတွေက ဘဏ်အမည်ပိုင်ရှင် နိုင်ဖွန်းဆ၀ဒီ ခမ်းဖီးပိုင်း (အသက် ၃၇ နှစ်) ကို သူနေထိုင်ရာ လမ်းပန်းခရိုင် လမ်ပန်းမြို့မှာ ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းက သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ နိုင်းဖွန်းဆ၀ဒီကတော့ သူဟာ ငွေလိမ်ဂိုဏ်းနဲ့ ပတ်သက်မှုမရှိကြောင်း၊ လူ ၃ ဦးက ဘတ်ငွေ ၁ ထောင်ပေးပြီး သူ့နာမည်နဲ့ ဘဏ်စာရင်းဖွင့်ပေးဖို့ လာဆက်သွယ်တာကြောင့် ငွေယူပြီး ဖွင့်ပေးခဲ့ကြောင်း၊ မနေ့က အွန်လိုင်းမှာ သူ့နာမည်နဲ့ ငွေစာရင်းပြဿနာဖြစ်တဲ့ ဗွီဒီယိုကလစ် ပျံ့နှံ့နေတာကြောင့် အဲဒီစာရင်းကို ပိတ်ပစ်ဖို့ ဘဏ်ကိုသွားစဉ် ခုလို အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။ တာဝန်ရှိသူတွေကတော့ ကော်လ်စင်တာဖွင့်ပြီး ငွေလိမ်နေတဲ့ အဆိုပါဂိုဏ်းကို ဖမ်းဆီးအရေးယူနိုင်ဖို့ ကွင်းဆက်တွေ ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ပြောသွားပါတယ်။
3 years Ago
Up