ရဲအရာရှိ ၇ ယောက်

February 6, 2020

ဆယ်ကျော်သက်တဦးအား တိုက်ခိုက်မှုဖြင့် ချီလီရဲ ၇ ဦးကို ရာထူးရပ်ဆိုင်း

ချီလီနိုင်ငံ ပွမ်တယ်အယ်လ်တိုမြို့မှာ ရဲက အသက် ၁၈ နှစ်အရွယ် မာတီယာစိုတိုကို အင်အားသုံး တိုက်ခိုက်နေတဲ့ ဖြစ်ရပ်ဗွီဒီယိုကြောင့် ရဲအရာရှိ ၇ ယောက် ရာထူးက ရပ်ဆိုင်းခံခဲ့ရပါတယ်။   အခုလို တိုက်ခိုက်ခံရတာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုရုပ်သံဟာ ဇန်နဝါရီ ၂၉ ရက်က  လုံခြုံရေးကင်မရာက ရိုက်ကူးထားတာဖြစ်ပြီး ဒီသီတင်းပတ်ထဲမှာ အင်တာနက်ပေါ် ပျံ့နှံ့ခဲ့တာပါ။ စိုတိုကို ရဲတယောက်က လိုက်ဖမ်းခဲ့ပြီး အိမ်တလုံးရဲ့အပြင်မှာ သူ့ကို နံပါတ်တုတ်နဲ့ ရက်ရက်စက်စက် ရိုက်နှက်ကန်ကျောက်ခဲ့ပါတယ်။ ဗင်ကားပေါ်က ရဲ ငါးယောက်က ကားပေါ်က ဆင်းလာပြီး စိုတိုရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်ကို ကန်ကျောက် ရိုက်နှက်အပြီးမှာ ကားပေါ် ပြန်ပြေးတက် ထွက်သွားခဲ့တာပါ။  ကျောရိုး ဆိုးဆိုးရွားရွား ထိခိုက်ပြီး နံရိုးတွေ ကျိုးကုန်လို့ စိုတိုဟာ အသက်ရှင်တာတောင် ကံကောင်းတယ်လို့ သူ့မိဘတွေက ပြောခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးခဲ့ပြီး စည်းကမ်းအရ ရဲအရာရှိတွေကို စစ်မေးနေတယ်လို့ ရဲမှူးကြီး အက်ဒွာဒို ဝစ်က ပြောပါတယ်။  ချီလီနိုင်ငံအတွင်း လူမှုရေးဌာနတွေကြား မညီမျှမှုတွေကြောင့် ပြည်သူတွေ ဒေါသထွက်ခဲ့လို့ မနှစ်က လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး တိုင်းပြည် မငြိမ်မသက် ဖြစ်ဖူးပါတယ်။ ပြိုင်ဘက် ဘောလုံးကလပ်အသင်းတွေက ဘောလုံးဝါသနာအိုးတွေပါ ညီညီညွတ်ညွတ် စုရုံးခဲ့ပြီး ရဲတွေရဲ့ရက်စက်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဓမ္မပြုကျင့်မှုကနေ နှိပ်စက်မှု၊ အလွန်အကျွံအင်အားသုံးမှုတွေ ကျူးလွန်နေတယ်၊ ချိုးဖောက်မှုတွေ ရှိတယ်လို့ လူ့အခွင့်အရေးအုပ်စုတော်တော်များများက စွပ်စွဲ ထားပါတယ်။
1 year Ago
Up