ရဲအရာရှိအယောင်ဆောင်ပြီး ဓားပြတိုက်ခဲ့သည့် အမျိုးသမီး ၂ ဦးကို ရဲရှာဖွေ

August 31, 2017

ရဲအရာရှိအယောင်ဆောင်ပြီး ဓားပြတိုက်ခဲ့သည့် အမျိုးသမီး ၂ ဦးကို ရဲရှာဖွေ

ရဲအရာရှိအယောင်ဆောင်ပြီး အသက် ၇၈ နှစ်အရွယ် အဘွားအိုတဦးရဲ့အိမ်ကို ဓားပြတိုက်ခဲ့တဲ့ အမျိုးသမီး ၂ ဦးကို နယူးယောက်ရဲတွေက ရှာဖွေနေပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက် ည ၇း၃၀ နာရီလောက်က ဝါ့ဒ်စ်ဝါ့သ်ရိပ်သာ၊ အနောက်ပိုင်း ၁၈၉ လမ်းမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအမျိုးသမီး ၂ ဦးဟာ နေအိမ်တံခါးကို ခေါက်ခဲ့ကြပြီး သူတို့ကိုယ်သူတို့ ရဲအရာရှိတွေလို့ အဘွားအိုကို မိတ်ဆက်ခဲ့ကြကာ သံသယရှိတဲ့ တယောက်ယောက်ကို ရှာဖွေစုံစမ်းဖို့ ရောက်လာတာလို့ ပြောခဲ့ကြတာပါ။ အဘွားအိုက သူတို့ရှာနေသူ အိမ်ထဲမှာမရှိဘူးလို့ ပြောခဲ့ပြီး အချိန်အနည်းငယ် အကြာမှာတော့ ကိုယ်တိုင်ရှာဖွေနိုင်ဖို့ သူတို့ ၂ ယောက်ကို အိမ်ထဲဖိတ်ခဲ့တာပါ။ အဲဒီအချိန်မှာ သူတို့ဟာ ရဲမေဝတ်စုံတွေ ဝတ်မထားခဲ့ကြဘဲ လည်ပင်းမှာတော့ ရဲအမှတ်တံဆိပ်တွေ တပ်ဆင်ထားခဲ့ကြတယ်လို့ နယူးယောက် ရဲဌာနက ဆိုပါတယ်။ ဒါပေမယ့် သူတို့ အိမ်ထဲက ပြန်သွားကြချိန်မှာတော့ အဘွားအိုပိုင်ဆိုင်တဲ့ငွေ ဒေါ်လာ ၁ သောင်း ပျောက်ဆုံးနေတာကို တွေ့ရှိခဲ့ကြတာပါ။ သူတို့ ၂ ဦးထဲက တဦးဦးဟာ အိပ်ခန်းထဲကငွေတွေကို ခိုးသွားခဲ့ပြီလို့ အဘွားအိုက ရဲတွေကို တိုင်ကြားခဲ့ပါတယ်။ လက်ရှိမှာတော့ နယူးယောက်ရဲတွေက ဒီအမျိုးသမီးတွေရဲ့ ပုံသဏ္ဌာန်နဲ့ အကြောင်းရင်းကို ဖော်ပြထားတဲ့ ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ပြီး ဖမ်းဆီးနိုင်ရေး ပြည်သူတွေအနေနဲ့ အကူအညီပေးနိုင်ဖို့ တောင်းဆိုထားခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ အဲဒီအမျိုးသမီး ၂ ဦးစလုံးဟာ အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်ကြားရှိ ဟစ်စ်ပဲန်နစ် (Hispanic) လူမျိုးတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ သူတို့ ၂ ဦးလုံး အပြာရောင်ဂျင်းဘောင်းဘီနဲ့ အနက်ရောင် ရှူးဖိနပ်တွေ စီးထားခဲ့ကြကာ အင်္ကျီတွေကတော့ တဦးက လက်တိုနဲ့ နောက်တဦးက လက်ရှည် အဖြူရောင်တွေ ဖြစ်ကြတယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ သံသယဖြစ်ဖွယ် ဒီအမျိုးသမီး ၂ ဦးနဲ့ပတ်သက်ပြီး သတင်းပေးချင်တယ်ဆိုရင်တော့ နယူးယောက်ရဲဌာန မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အရေးပေါ်ဖုန်းနံပါတ် 1-800-577-TIPS (8477) ဒါမှမဟုတ် 274637 (CRIMES) ကို စာတိုပေးပို့ ဆက်သွယ်နိုင်ပြီး ဆက်သွယ်သတင်းပေးသူတွေရဲ့ အချက်အလက်တွေကို လျှို့ဝှက်ထားပေးမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
4 years Ago
Up