အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ လူမည်း လူငယ်တဦးကို ပစ်သတ်ခဲ့တဲ့ ရဲအရာရှိကို လူသတ်မှုနဲ့ ဇွန်လ ၂၇ ရက်နေ့က တရားစွဲဆိုလိုက်ပါတယ်။
အဲဒီဖြစ်ရပ်ဟာ ဇွန်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ရဲအရာရှိ မိုက်ကယ် ရို့စ်ဖဲလ် ဆိုသူက ကားမောင်းရင်း သေနတ်နဲ့ ပစ်ပြေးသူကို ရှာဖွေနေစဉ် အသက် ၁၇ နှစ်ရွယ် လူမည်းတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင် ထွက်လာခဲ့ရာမှာ ရဲက ဖမ်းဆီးစစ်ဆေးနေတဲ့ လူ ၂ ဦး ကားထဲကနေ ထွက်ပြေးနေပုံ၊ သေနတ်ပစ်သံ ကြားရပြီးနောက် မြေကြီးပေါ် လဲကျသွားပုံတွေကို တွေ့ရမှာဖြစ်ပါတယ်။
လက်နက်မဲ့ လူမည်းလူငယ်တဦးကို ရဲအရာတဦးက ပစ်သတ်ခဲ့တဲ့ကိစ္စကြောင့် အမေရိကန်နိုင်ငံတဝန်း ဆန္ဒပြမှုတွေလည်း ဖြစ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ ရဲအရာရှိတွေက လူမည်းတွေကို ပစ်သတ်လေ့ရှိတဲ့ ပြဿနာ မကြာခဏ ဖြစ်ပွားခဲ့ပြီး အခုဖြစ်ရပ်ဟာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ပြဿနာလည်း ဖြစ်ပါတယ်။
“ပင်ဆယ်လ်ဗေးနီးယား ဥပဒေအရ ဖမ်းဆီးမှုလုပ်မယ်ဆိုရင် ကိုယ်ဖမ်းဆီးတဲ့လူဟာ ပြစ်မှုကြီးတခုခု ကျူးလွန်ကြောင်း သက်သေပြနိုင်ရပါမယ်။ အန်ဝန်ရို့စ်ဟာ ကားထဲမှာ ရှိနေတာကလွဲလို့ ဘာမှ လုပ်ထားတာ မရှိပါဘူး။ နောက်ပြီး သူ့မှာ လက်နက်လည်း ပါရပါလိမ့်မယ်။ ဒီလူငယ်တွေမှာ ဘာလက်နက်မှ ကိုင်ဆောင်ထားတာ မတွေ့ရပါဘူး” လို့ အလက်ဂ်ျနီနယ်မြေ ရှေ့နေ စတီဖင် ဇာပါလာက ပြောပြသွားတာပါ။
လူသတ်မှုနဲ့ တရားစွဲဆိုခံလိုက်ရတဲ့ ရဲအရာရှိ မိုက်ကယ် ရို့စ်ဖဲလ်ဟာ ဇွန်လ ၂၅ ရက် အစောပိုင်းက ကိုယ်တိုင် အဖမ်းခံခဲ့ပြီး အာမခံ ဒေါ်လာ ၂ သိန်းခွဲနဲ့ လွှတ်ပေးထားတယ်လို့ သူ့ရဲ့ရှေ့နေက ပြောကြားခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago