ရဲမှူးကြီး

May 13, 2020

အာဖဂန်နစ္စတန်တွင် ရဲမှူးကြီးတယောက်၏ ဈာပနကို အသေခံ ဗုံးခွဲတိုက်ခိုက်

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ အသေခံ ဗုံးခွဲသမားတယောက်က အစိုးရ အရာရှိတွေ လွှတ်တော်အမတ်တွေ တက်ရောက်တဲ့ ရဲမှူးကြီးတယောက်ရဲ့ ဈာပနကို မေ ၁၂ ရက်မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုမှာ ဗုံးခွဲသမား သေဆုံးပြီး အမျိုးသားအယောက် ၅၀ လောက် ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။ ပါကစ္စတန်နဲ့ နယ်စပ် နန်ဂါဟာပြည်နယ် ခေဝါမြို့မှာဖြစ်တဲ့ ဒီတိုက်ခိုက်မှုဟာ သူတို့ လက်ချက် မဟုတ်ဘူးလို့ တာလီဘန်တွေက ငြင်းပါတယ်။ ဈာပနပွဲ တိုက်ခိုက်ခံရတဲ့ နယ်မြေမှာ အိုင်အက်စ် စစ်သွေးကြွတွေ လှုပ်ရှားတယ်လို့ လူသိများပါတယ်။ ပြည်နယ် ကောင်စီဝင် တယောက် အပါအဝင် လူ ၁၅ ယောက် သေဆုံးပြီး  တခြားလူ ၄၅ ယောက်ဒဏ်ရာရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ ပြည်နယ်ကောင်စီဝင်ကတော့ လူအယောက် ၅၀ ထက်မနည်း သေဆုံးဒဏ်ရာရပြီး လွှတ်တော်အမတ် ဟာရတ်အလီတော့ အသက်ရှင်တယ်လို့ ပြောပါတယ်။ အိုင်အက်စ် စစ်သွေးကြွတွေဟာ အာဖဂန်နစ္စတန်နိုင်ငံထဲမှာ ၂၀၁၄ လောက်ကစပြီး ပေါ်လာခဲ့တာပါ။ သူတို့ဟာ တာလီဘန်တွေကိုရော အစိုးရနဲ့ နိုင်ငံခြား စစ်တပ်တွေကိုပါ တိုက်ခိုက်လေ့ရှိပါတယ်။ မနေ့ကလည်း ဘယ်သူဘယ်ဝါ မသိရသေးတဲ့ သေနတ်သမားတယောက်က မြို့တော် ကဘူးလ်က ဆေးရုံကို တိုက်ခိုက်ခဲ့လို့ လူ ၈ ဦးထက်မနည်း သေဆုံးပါတယ်။ ဒီတိုက်ခိုက်မှုကိုလည်း ဘယ်အဖွဲ့ကမှ သူတို့ရဲ့လက်ချက်လို့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
11 months Ago
Up