ကုန်ထုတ်စခန်း (ရဲဘက်စခန်း) မှာရှိတဲ့ အကျဉ်းသားတွေကို နေ့စဉ် မနက်စာအဖြစ် ထမင်းကြော်ကျွေးမွေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အကြံပြုပါတယ်။
လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးယုလွင်အောင်နဲ့ ဒေါက်တာ မြင့်ကြည်တို့ပါတဲ့ ကြည့်ရှုစစ်ဆေးရေး အဖွဲ့ဟာ ဧပြီ ၁၈ ကနေ ၂၀ ရက်နေ့အထိ လပွတ္တာမြို့နယ်၊ ငှက်ပေါက် ကုန်ထုတ်စခန်းကို သွားရောက် စစ်ဆေးပြီးနောက် သက်ဆိုင်ရာ ဝန်ကြီးဌာနကို မနေ့က အကြံပြုလိုက်တာပါ။
အကျဉ်းသားတွေရဲ့ လုပ်ငန်းဟာ ပင်ပန်းကြမ်းတမ်းတာကြောင့် မနက်စာကို အစိုးရ ရုံးပိတ်ရက်တွေမှာပဲ ထမင်းကြော်ကျွေးပြီး ကျန်ရက်တွေမှာ ဆန်ပြုတ်ကျွေးနေတဲ့အစား နေ့တိုင်း ထမင်းကြော်ကျွေးဖို့ တိုက်တွန်းထားပါတယ်။
ပြီးတော့ ချိုးရေ လုံလုံလောက်လောက်ရဖို့ ချောင်းရေကို ရေစုပ်စက်နဲ့တင်ပြီး ရေလှောင်ကန်တွေ လုံလုံလောက်လောက်ဆောက်ပေးသက်သလို လုပ်ငန်းခွင်နဲ့ အိပ်ဆောင်တွေမှာ သန့်ရှင်းတဲ့ရေကို အကျဉ်းသားတွေရော ဝန်ထမ်းတွေပါ သောက်သုံးနိုင်အောင် စီစဉ်ပေးဖို့ အကြံပြုထားပါတယ်။
ရေချိုးချိန်နဲ့ ထမင်းစားချိန်တွေ လုံလောက်အောင်လည်း လုပ်ငန်းခွင်က အချိန်မီ တန်းဖြုတ်ပေးဖို့၊ မနိုင်နင်းတဲ့ ဝန်တွေကို မထမ်းရအောင် သင့်တော်သလို စီစဉ်ပေးဖို့နဲ့ မနိုင်နင်းသူတွေ ဒါမှမဟုတ် ကျန်းမာရေးကြောင့် မလုပ်နိုင်သူတွေကို မဆဲဆိုဖို့အတွက် ကြပ်မတ်ဖို့လည်း အကြံပြုထားပါတယ်။
လုပ်ငန်းခွင်ထဲ အနားယူချိန်မှာ နေပူထဲမှာ မနားရအောင်နဲ့ မြေကြီးပေါ်မှာ မအိပ်ရအောင်လည်း စီစဉ်ပေးဖို့၊ အကျဉ်းသားအိပ်ဆောင်တွေရဲ့ အမိုးဟာ နိမ့်လွန်းလို့ အိပ်စက်ရာမှာ ပူတာကြောင့် မြှင့်ပေးဖို့လိုတယ်လို့ ကော်မရှင်က ဆိုပါတယ်။
ပြီးတော့ လက်ချောင်း ၂ ချောင်းပြတ်ပြီး အကြောသေနေတဲ့ အကျဉ်းသားတယောက်၊ ခြေပွားရှိတဲ့ အကျဉ်းသားတယောက်နဲ့ အောက်ပိုင်းချိနဲ့နေတဲ့ အကျဉ်းသားတယောက်တို့ကို သင့်တော်တဲ့ အကျဉ်းထောင်ကို ပြန်ပို့ဖို့လည်း အကြံပြုထားပါတယ်။
စခန်းရဲ့ တာဝန်ခံ အရာရှိအနေနဲ့လည်း အကျဉ်းသားတွေက အခက်အခဲတွေ တင်ပြရင် အရေးယူ ဆောင်ရွက်ပေးတာကို ဆက်လက် ထိန်းသိမ်းသင့်တယ်လို့လည်း ကော်မရှင်ရဲ့ အကြံပြုချက်မှာ ဖော်ပြထားပါတယ်။
3 years Ago