ရဲနောင်ထွန်း

July 25, 2021

သေနတ်ပစ်ကစားသမား ရဲထွန်းနောင် အိုလံပစ်ပြိုင်ပွဲမှထွက်ရ၊ ကြက်တောင်မယ် သက်ထားသူဇာ သာ ကျန်ရှိ

လက်ရှိ ကျင်းပနေတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကနေ အားကစားသမား ၂ ယောက်သွားရောက်ယှဉ်ပြိုင်နေကြပြီး သေနတ်ပစ်အားကစားသမား ရဲထွန်းနောင်ကတော့ ပြိုင်ပွဲက ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

ရဲထွန်းနောင်ဟာ အမျိုးသား ၁၀ မီတာ လေသေနတ် ပစ္စတိုပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အဆင့် ၁၄ သာရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲမှာတော့ ပြိုင် ပွဲဝင်တွေထဲက အဆင့် ၁ ကနေ ၈ အထိ ရရှိသူတွေကသာ နောက်ဆုံးဖိုင်နယ်အဆင့်ကို ဆက်လက်တက်ရောက်နိုင်တာမို့ ဒီအဆင့်ကနေ နှုတ်ဆက်ခဲ့ရတာပါ။

ပြိုင်ပွဲမှာတော့ အီရန်နိုင်ငံက ပထမရွှေတံဆိပ်ဆု၊ ဆားဘီးယား နိုင်ငံက ငွေတံဆိပ်နဲ့ တရုတ်နိုင်ငံက ကြေးတံဆိပ်တွေ အသီးသီးရရှိသွားခဲ့ကြပါတယ်။

အသက် ၃၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရဲထွန်းနောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ရီယိုဒီ ဂျနေးရိုးမြို့မှာ ကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၁၀ မီတာ လေသေနတ် ပစ္စတိုပြိုင်ပွဲမှာပဲ  ပြိုင်ပွဲဝင် ၄၆ ယောက်ထဲ အဆင့် ၃၃ ရရှိခဲ့ပါတယ်။

ကမ္ဘာတဝှမ်း ရင်ဆိုင်နေကြရတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ကန့်သတ်ထိန်းချုပ်မှုတွေနဲ့ ခုတကြိမ် အိုလံပစ်ပြိုင်ပွဲဟာ တမူထူးခြားတဲ့ ပြိုင်ပွဲအနေနဲ့ မှတ်တမ်းဝင်သွား ခဲ့ပြီး ပြိုင်ပွဲမှာ အားကစားအမျိုးအစား ၃၃ မျိုး၊ စံချိန်တင် ပြိုင်ပွဲပေါင်း ၃၃၉ ပွဲ ကျင်းပမယ်လို့ သိရပါတယ်။

အခုလက်ရှိမှာတော့ စစ်အာဏာသိမ်းမှုနဲ့အတူ ကိုဗစ်-၁၉ ကပ်ဘေးတွေနဲ့ ရင်ဆိုင်နေရချိန် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကြက်တောင်မယ် သက်ထားသူဇာနဲ့ သေနတ်ပစ်ကစားသမား ရဲထွန်းနောင်တို့ ၂ ယောက်သာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဂျူဒိုအားကစားသမား မခြူးမြတ်နိုးဝေက ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လိုက်ပါလာခြင်းမရှိပါဘူး။ 

လက်ရှိမှာတော့ ရဲထွန်းနောင်က နုတ်ထွက်ခဲ့ရပြီဖြစ်တာမို့ ပြိုင်ပွဲဝင် သက်ထားသူ ဇာတယောက်တည်းသာ မြန်မာအားကစားသမားပြိုင်ပွဲဝင်အနေနဲ့ ဆက်လက်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ရီယိုဒီ ဂျနေးရိုးမြို့မှာ ကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲမှာတော့ မြန်မာ နိုင်ငံက မြားပစ်၊ ပြေးခုန်ပစ်၊ ဂျူဒို၊ သေနတ်ပစ်၊ ရေကူးအားကစားပြိုင်ပွဲဝင် ၇ ယောက် ပါဝင်ယှဉ် ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

4 months Ago
Up