ရဲထွန်း (သီပေါ)

A d v e r t i s e m e n t With Us

April 23, 2018

နိုင်ငံတော်သမ္မတသစ်၏ နှစ်သစ်ကူးမိန့်ခွန်းအပေါ် သုံးသပ်ချက်

ယခု ဧပြီလ ၁၇ ရက်နေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်ရဲ့ နှစ်သစ်ကူးနေ့ ဖြစ်တာကြောင့် အန်အယ်လ်ဒီအစိုးရရဲ့ ပူပူနွေးနွေးသမ္မတ ဦးဝင်းမြင့်က ပြည်သူလူထုကို ရည်ရွယ်ပြီး နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။ ဒီမိန့်ခွန်းဟာ နိုင်ငံတော်သမ္မတအနေနဲ့ ပြည်သူလူထုကို ပြောကြားတဲ့ ဒုတိယမြောက်မိန့်ခွန်းပါ။ အစိုးရအဖွဲ့ ခေါင်းဆောင်တယောက်အနေနဲ့ ကျန်တဲ့သက်တမ်း ၃ နှစ်တာအတွင်း ပြည်သူလူထုအတွက် ဘာတွေကို ဆောင်ရွက် အကောင်အထည်ဖော်သွားမယ်ဆိုတာကို ပြောပြထားလေတော့ နားထောင်လိုက်ရတဲ့ ပြည်သူတယောက်အနေနဲ့ ကျေနပ်အားရ ဖြစ်မိပါတယ်။ အကြောင်းကတော့ သမ္မတရဲ့မိန့်ခွန်းမှာ ပြည်သူအများစု မျှော်လင့် တောင့်တနေတဲ့ အချက်တွေကို ဆောင်ရွက်ပေးမယ်လို့ ကတိပေးသွားလို့ပါပဲ။ ကျနော် မှတ်မိသလောက်ဆိုရင် အန်အယ်လ်ဒီအစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်း နိုင်ငံ့ခေါင်းဆောင်တယောက်က ပြောကြားတဲ့ မိန့်ခွန်းတွေထဲမှာ လက်တွေ့အကျဆုံး မိန့်ခွန်းတခုပါ။ အန်အယ်လ်ဒီအစိုးရ တက်လာခါစကတည်းက မျှော်လင့်ထားခဲ့တာတွေကို သက်တမ်း ၂ နှစ်ကျော်ကြာလာမှ ကြားလာရတော့ ကုန်လွန်သွားခဲ့တဲ့ အချိန်တွေကိုလည်း နှမြောမိပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ရမယ့် ကဏ္ဍ ၉ ခု သမ္မတရဲ့မိန့်ခွန်းမှာ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနတွေကို ကြပ်မတ်ရာမှာ ပြည်ထောင်စုအစိုးရက ချမှတ်ထားတဲ့ မူဝါဒတွေကို ဌာနဆိုင်ရာတွေက ဦးစားပေးအလိုက် အကောင်အထည်ဖော်ကြဖို့လို့ ဆိုပါတယ်။ အဲဒီမှာ…. ပထမဆုံး ဦးစားပေးပြော ဆိုတာက - ပြည်သူလူထုရဲ့ စားဝတ်နေရေး အဓိက လိုအပ်ချက် ၃ ခုမှာ နေရေးက အရေးကြီးတဲ့အတွက် ဝန်ထမ်းအိမ်ရာတွေ တိုးချဲ့ တည်ဆောက်ပေးဖို့၊ နောက်ပြီး နေ့စားလုပ်ခ အနည်းဆုံး ၄၈၀၀ ကျပ် ရရှိဖို့၊ အခြားအဆင့် ဝန်ထမ်းလစာတွေကို ၂၀ ရာခိုင်နှုန်း တိုးပေးဖို့နဲ့ အရာရှိလစာတွေကို ၁၀ ရာခိုင်နှုန်း တိုးပေးဖို့ ပါဝင်ပါတယ်။ အဲဒီနောက် တပြည်လုံး လျှပ်စစ်ဓာတ်အား နှစ်ဆတိုး ဖြန့်ဖြူးနိုင်ရေး၊ တပြည်လုံးမှာရှိတဲ့ လမ်းတွေ၊ တံတားတွေ တိုးချဲ့တည်ဆောက်ရေး၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ငွေချေးပေးရာမှာ လျင်မြန်လွယ်ကူစွာ ရရှိစေရေး စတာတွေကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒုတိယအချက်အနေနဲ့ ဦးစားပေးပြောတာက ယိမ်းယိုင်နေတဲ့ တရားရေးမဏ္ဍိုင် တည့်မတ်စေဖို့ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကို မကြာသေးခင်ကပဲ တွေ့ဆုံ ပြောကြားထားတဲ့အကြောင်းနဲ့ အစိုးရ ဌာနဆိုင်ရာ အသီးသီးမှာ ထုံးစံလိုဖြစ်နေတဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာမှာ၊ ပြည်သူလူထုနဲ့ မီဒီယာတွေက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နဲ့ ပူးပေါင်းပြီး ကူညီကြဖို့ ပြောပါတယ်။ တတိယအချက်အနေနဲ့ကတော့ ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်မခံကြရအောင် ကာကွယ်ရေးမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ လူ့အခွင့်အရေးကော်မရှင်ကို ပြောကြားထားတဲ့အကြောင်း၊ အထူးသဖြင့် စစ်ကြောရေးစခန်း၊ ရဲစခန်းအချုပ်၊ တရားရုံးအချုပ်၊ အကျဉ်းထောင်၊ ရဲဘက်စခန်း စတဲ့နေရာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ မဖြစ်ရအောင် အလေးထား ပြောပါတယ်။ စတုတ္ထအချက်အနေနဲ့တော့ နာမည်အကြီးအကျယ် ပျက်နေတဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးကိစ္စပါပဲ။ မူးယစ်ဆေးဝါးတွေ အများအပြား ဖမ်းမိပြီဆိုရင် ပိုင်ရှင်မဲ့တွေ ဖြစ်နေတာများလို့ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့အပေါ် ပြည်သူလူထုက တော်တော်ကို အယုံအကြည် ကင်းမဲ့နေတာ ကြာပါပြီ။ အခု ဒါတွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့ ဘယ်လိုလုပ်မယ် ဆိုတာကိုပါ ပြောသွားပါတယ်။ ပဉ္စမအချက်အနေနဲ့ကတော့ ပြည်သူလူထုရဲ့ ဘဏ္ဍာငွေတွေ အလေအလွင့် မဖြစ်စေရေးအတွက် ဖွံ့ဖြိုးရေးဘတ်ဂျက် ချထားပေးငွေတွေကို ကာလ-ဒေသ ပေါက်ဈေးနဲ့အညီ မှန်ကန်စွာ တွက်ချက်တင်ပြ သုံးစွဲရေး၊ လုပ်ငန်းမပြီးသေးဘဲ လုပ်ငန်းပြီးစီးကြောင်း လိမ်ညာပြီး အစီရင်မခံရေး၊ တင်ဒါချထားပေးတဲ့အခါ တင်ဒါစည်းကမ်းနဲ့အညီ စစ်ဆေးခွင့်ပြုရေး၊ တင်ဒါစည်းမျဉ်းကို လက်တလုံးခြား လုပ်ဆောင်မှုတွေကို ပြင်းပြင်းထန်ထန် အရေးယူရေးနဲ့ စာရင်းစစ်ဆေးရေးကိစ္စမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအပြင် ဌာနတိုင်းက ဖွဲ့စည်းထားတဲ့ စာရင်းစစ်ကော်မတီတွေအနေနဲ့ ဘက်လိုက်မှုမရှိဘဲ အဂတိကင်းကင်းနဲ့ တိတိကျကျ ဆောင်ရွက်ဖို့ ပြောထားပါတယ်။ ဆဋ္ဌမအချက်အနေနဲ့က သိမ်းဆည်းခံ လယ်မြေယာများ ကိစ္စပါ။ ဒီကိစ္စဟာ ပထမအကြိမ် လွှတ်တော်ကာလကတည်းက ပြည်ထောင်စုလွှတ်တော်က ရှေ့ဆောင်ရှေ့ရွက်ပြုပြီး ဆောင်ရွက်ခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ လွှတ်တော်မှာ စတင်ကတည်းက ဦးသိန်းစိန်အစိုးရရဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးက သဘောမတူ ကန့်ကွက်ခဲ့ပါတယ်။ လွှတ်တော်က လုပ်စရာရှိတာ ဆက်လုပ်တဲ့အခါ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်မှုမရှိတာ၊ အကယ်လို့ သက်ဆိုင်ရာဌာနတွေနဲ့ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက ပြန်လည် စွန့်လွှတ်လိုက်ရင်လည်း မူလပိုင်ရှင်ထံ ပြန်မရောက်တာ စသဖြင့် ပြဿနာတွေ မနည်းမနော ရှိခဲ့တာပါ။ အဲဒီ မပြေမလည်ဖြစ်နေတဲ့ ပြဿနာဟာ သမ္မတ ဦးထင်ကျော် တာဝန်ယူထားစဉ် ကာလမှာ မျှော်လင့်ချက်ရောင်ခြည်သန်းလာတယ်လို့ ထင်ရပေမယ့် သိသိသာသာ ထူးခြားမလာခဲ့ပါဘူး။ အခုတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အတော်လေး နက်နက်ရှိုင်းရှိုင်း သိထားပြီး လွှတ်တော်အတွေ့အကြုံ ၅ နှစ်သက်တမ်းရှိခဲ့တဲ့ သမ္မတက အသိမ်းဆည်းခံ တောင်သူလယ်သမားတွေ လျော်ကြေး၊ နစ်နာကြေး ရရှိရေးနဲ့ သက်ဆိုင်ရာရဲ့ ပြန်လည်စွန့်လွှတ်မြေတွေကို မူလပိုင်ရှင်တွေဆီ ပြန်လည်ရောက်ရှိရေး တရားသဖြင့်ဖြစ်အောင် ဆက်လက်ဆောင်ရွက်တော့မှာဖြစ်လို့ တောင်သူလယ်သမားတွေ ဝမ်းသာကြမှာပါ။ သတ္တမအချက်အနေနဲ့ ပြောတာကလည်း တောင်သူလယ်သမားတွေအတွက်ပါပဲ။ ယခင်အစိုးရလက်ထက်ကထဲက အကုန်ပြီးပြတ်အောင် လုပ်မပေးခဲ့တဲ့ လယ်ယာမြေ ပိုင်ဆိုင်ခွင့်လက်မှတ်တွေကို တနှစ်အတွင်း အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။ ဒီကိစ္စကလည်း သက်ဆိုင်ရာဌာနတွေက တက်တက်ကြွကြွ မလုပ်ခဲ့ဘဲ အကြောင်းကြောင်းကြောင့် ချန်ထားခဲ့တာပါ။ သတ်မှတ်ထားတဲ့ အချိန်အတွင်း မလုပ်ခဲ့မိတဲ့ မြေယာပိုင်ရှင်ဟာ နောက်ကျမှလုပ်တဲ့အခါ ဟိုပေးရ၊ ဒီပေးရနဲ့ ကုန်ကျစရိတ်တွေ များပါတယ်။ အခု ဒီကိစ္စကို ဆောင်ရွက်ပေးတော့မယ်ဆိုတော့ လယ်သမားတွေအတွက် သတင်းကောင်းပါ။ ဒါ့အပြင် လယ်သမားတွေ အချိန်မီ စိုက်ပျိုးစရိတ်ရရှိအောင်၊ မျိုး၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာနဲ့ လယ်ယာသုံးကိရိယာ စတာတွေကို အခွန်ကင်းလွတ်ခွင့်ပေးမှာ ဖြစ်တဲ့အပြင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ စိုက်ပျိုးရေ၊ သောက်သုံးရေနဲ့ လျှပ်စစ်မီးရရှိရေးတွေလည်း ဦးစားပေး ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ အဋ္ဌမအချက်အနေနဲ့ ပြောတာကတော့ အလုပ်သမားဘဝ စိုပြည်သာယာရေးပါ။ ရေတိုကာလမှာ အလုပ်သမားတွေအတွက် လူမှုဖူလုံရေးရန်ပုံငွေတွေ ရရှိရေး၊ ထိထိရောက်ရောက် စီမံပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အဲဒီမှာ အဓိကကျတဲ့ အချက်ကတော့ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ပေါများလာဖို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်သွားမယ် ဆိုတာပါ။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေရဲ့ အရင်းအနှီးနဲ့ အတတ်ပညာတွေ အများအပြား ဝင်မလာမချင်း၊ ကျနော်တို့နိုင်ငံသားတွေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်နေကြရဦးမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတက ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ လုံခြုံဘေးကင်းမှုနဲ့ တရားဥပဒေအရ အခွင့်အရေးတွေ ရရှိခံစားနိုင်အောင် နိုင်ငံချင်း သဘောတူညီချက်တွေကို အခြေခံပြီး မြှင့်တင် ဆောင်ရွက်ပေးသွားမယ်လို့လည်း ဆိုထားပါတယ်။ နဝမအချက် ပြောတာကတော့ ကျောင်းသူ ကျောင်းသားတွေ အဆင့်မြင့်ပညာရပ်တွေ ဆည်းပူးလေ့လာခွင့်ရရေးအတွက် ပညာသင်စရိတ် ထောက်ပံ့မှုတွေ တိုးတက်ပေးသွားမှာ ဖြစ်သလို အသက်မွေးဝမ်းကျောင်းပညာ သင်ကြားမှုတွေ ပိုမိုမြင့်မားလာအောင် ဦးတည်ကြိုးပမ်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အနာဂတ်ဖက်ဒရယ်စနစ်နဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနာက်ဆုံးအနေနဲ့ ပြောတာကတော့ ဒီလို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ရာမှာ အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုနဲ့ နီးစပ်တဲ့ အောက်ခြေကနေ စတင်မယ်။ ပြည်သူနဲ့အတူ စုပေါင်းအင်အားနဲ့ ဆောင်ရွက်မယ်ဆိုတဲ့ သဘောတရား အခြေခံနဲ့ ဆောင်ရွက်မှာလို့ ဆိုပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရာမှာ အံမဝင် ခွင်မကျတဲ့ သူတွေကိုလည်း လူစားလဲသင့်ရင် လဲမယ်လို့ သတိပေး ပြောဆိုထားပါတယ်။ ဒါကတော့ ဌာနဆိုင်ရာ အထက်ပိုင်း တာဝန်ရှိတဲ့သူတွေကို ရည်ရွယ် ပြောဆိုထားတာလား၊ ပြည်နယ်/တိုင်းဒေသကြီးက ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကို ရည်ရွယ် ပြောဆိုထားတာလား မရှင်းပါဘူး။ ကျနော့်အမြင်အရတော့ ပြည်ထောင်စုအစိုးရ ဌာနဆိုင်ရာ ထိပ်ပိုင်းတွေရဲ့ စိတ်ဓာတ်နဲ့ လုပ်နည်းလုပ်ဟန်တွေကို ပြုပြင်ပြောင်းလဲဖို့ ကောင်းစွာ မကိုင်တွယ်နိုင်ခဲ့ရင် ဌာနတွင်း၊ ဌာနပြင်ပ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှု၊ ပြည်သူ့ဘဏ္ဍာဖြုန်းတီးမှု စတာတွေ တိုက်ဖျက်ရေးမှာ အောင်မြင်ဖို့ မလွယ်လှပါဘူး။ ကျားကြီး၊ ခြင်္သေ့ကြီးတွေကို မဖမ်းမိဘဲ ခြင်ကလေး၊ ယင်ကလေးတွေနဲ့ တူတဲ့ အောက်ခြေဝန်ထမ်းတွေပဲ သေကျေရမှာပါ။ ဒီလို လူစားလဲသင့်ရင် လဲမယ်လို့ ပြောရာမှာ အထူးသဖြင့် အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ဖက်ဒရယ်ပြည်ထောင်စု အုပ်ချုပ်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်တဲ့ အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ တင်ပြချက်ကို အခြေခံပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချသွားမယ်လို့လည်း ဆိုထားတော့ ဒါဟာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်တွေကို ရည်ရွယ်ပြီး ပြောတာလည်း ဖြစ်နိုင်ပါတယ်။ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ လိုက်နာရမယ့် အခြေခံမူနဲ့ အမျိုးသားရင်ကြားစေ့ရေး သမ္မတရဲ့မိန့်ခွန်း နောက်ဆုံး နိဂုံးချုပ်အပိုင်းကတော့ အငြင်းပွားစရာ ဖြစ်ပါတယ်။ သူက “ဒီလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ ကျနော်တို့ လိုက်နာရမယ့် အခြေခံမူကတော့ 'တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်းအလဲကိုလည်း ဖြစ်ပေါ်စေ'တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ဖို့ဖြစ်ပါတယ်” လို့ ဆိုထားပါတယ်။ ဒါဟာ ဖက်ဒရယ်ပြည်ထောင်စု အုပ်ချုပ်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်တဲ့အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ တင်ပြချက်ကို အခြေခံပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချသွားရေး လုပ်ငန်းစဉ် တခုတည်းကိုပဲ ရည်ရွယ်ပြောတာ ဆိုရင်တော့ မှန်ကန်တယ်၊ ဖြစ်သင့်တယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်တဲ့ ကိစ္စမျိုးတွေကို ဖြေလျှော့ပေးရာမှာ လွယ်ကူချောမွေ့နိုင်ပေမယ့် ညီညွတ်သလား၊ မညီညွတ်ဘူးလား အငြင်းပွားဖွယ်ဖြစ်တဲ့ ကိစ္စများကို ဖြေလျှော့ပေးရာမှာ ပြဿနာတွေ ရှိလာနိုင်လို့ပါ။ ဒီလိုကိစ္စမျိုးတွေ ကြုံလာရင် အခြေခံဥပဒေပြင်ဆင်ရေးက ရှေ့က လာရမှာဖြစ်လို့ အလောတကြီး မလုပ်ဖို့ လိုအပ်ပါတယ်။ သို့သော်လည်း တချို့သောသူများက အဲသလို အဓိပ္ပာယ်မကောက်ပါဘူး။ မိန့်ခွန်းတခုလုံးမှာပါတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာမှာ လိုက်နာရမယ့် အခြေခံမူအဖြစ် ပြောတာလို့ ယူဆကြပါတယ်။ ဒီလိုဆိုရင်တော့ မိန့်ခွန်းဟာ စိတ်ပျက်အားလျော့စရာ ဖြစ်သွားပါတယ်။ “တည်ငြိမ်မှုကိုလည်း မထိခိုက်စေ” လို့ဆိုတာကို “အစိုးရနဲ့ တပ်မတော်အကြား အမျိုးသားရင်ကြားစေ့ရေးကိုလည်း မထိခိုက်စေ” လို့ အနက်အဓိပ္ပာယ် ကောက်ကြသူတွေလည်း ရှိပါတယ်။ ကျနော့်အမြင်အရတော့ မိန့်ခွန်းတခုလုံးမှာ ပြောခဲ့တဲ့ ပြုပြင်ပြောင်းလဲရမယ့် ကိစ္စတွေကို မှန်မှန်ကန်ကန်၊ အောင်အောင်မြင်မြင်၊ ပြတ်ပြတ်သားသား ဆောင်ရွက်မယ်ဆိုရင် တပ်မတော်က သဘောမတူ၊ ကန့်ကွက်စရာအကြောင်း မမြင်ပါဘူး။ ပြည်သူလူထုရဲ့ ထောက်ခံမှုလည်း တိုးတက်ရရှိလာမှာဖြစ်လို့ တည်ငြိမ်မှု ပျက်ပြားစရာအကြောင်း မရှိပါဘူး။ ဒါကြောင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေး လုပ်ငန်းစဉ်ကလွဲလို့ မိန့်ခွန်းမှာ ပြောခဲ့တဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ ထားရှိရမယ့် အခြေခံမူကတော့ “ပြည်သူ့အကျိုးကို ဦးထိပ်ထား၊ တရားဥပဒေအောက်မှာ အားလုံးတန်းတူညီမျှရေး၊ ကျောသားရင်သား မခွဲခြားရေး” ဆိုတာပဲဖြစ်ပြီး အမျိုးသားရင်ကြားစေ့ရေးမူဝါဒနဲ့ ပြတ်ပြတ်သားသား စည်းခြားထားရေးပဲ ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေး မူဝါဒဆိုတာဟာ အနှစ်သာရအားဖြင့် နှစ်ဖက်အကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေး ဖြစ်တာကြောင့် လက်တွေ့သဘောအားဖြင့် စစ်အစိုးရဟောင်းနဲ့ ယခင်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်ခေါင်းဆောင်များအပေါ် လက်စားမချေရေး၊ ခွင့်လွှတ်ရေးနဲ့ ယခင်က ဥပဒေချိုးဖောက်ခဲ့မှုများ ရှိခဲ့ပါက တရားမစွဲဆိုရေးဆိုတဲ့ အချက်ရယ်၊ တပ်မတော်က ဦးဆောင်ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် အခြခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ ပြင်ဆင်ရေးဆိုတဲ့ အချက်တွေရယ်က အဓိကကျပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီအစိုးရသစ်လက်ထက်ကျခါမှ ယခင် အစိုးရအဖွဲ့ဝင်ဟောင်းများ၊ တပ်မတော်အရာရှိကြီးများက ဥပဒေချိုးဖောက်မှုတွေ၊ အကျင့်ပျက် ခြစားမှုတွေ၊ တာဝန်မကျေပွန်မှုတွေ အကယ်၍ ရှိလာခဲ့ရင် အမျိုးသားရင်ကြားစေ့ရေးမူဝါဒကို ထောက်ထားပြီး ခွင့်လွှတ်စရာမလိုပါ။ အဲဒီလို ထောက်ထားငဲ့ညှာနေမယ်ဆိုရင် တခါ ထိုသူများကလည်း လက်ရှိအစိုးရဝန်ကြီးဌာန တခုခုရဲ့ တာဝန်ခံတယောက် ဖြစ်နေခဲ့မယ်ဆိုရင်၊ သမ္မတမိန့်ခွန်းမှာ ပြောဆိုသွားတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား အကောင်အထည်ဖော်နိုင်ဖို့ ခဲယဉ်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားရင်ကြားစေ့ရေးမူဝါဒဆိုတာ- ဘာ ဆိုပြီး အားလုံး နားလည်အောင် ပြတ်ပြတ်သားသား အဓိပ္ပာယ်ဖွင့်ဆို ရှင်းပြထားသင့်လှပါတယ်။ သမ္မတ ဦးဝင်းမြင့်ရဲ့ မိန့်ခွန်းဟာ လက်တွေ့ကျတဲ့ ပြဿနာတွေကို မီးမောင်းထိုးပြထားတာပါ။ အောင်မြင်အောင် ဆောင်ရွက်ရာမှာလည်း ပြည်ထောင်စုအစိုးရ၊ အခြားသောမဏ္ဍိုင်ကြီးတွေ၊ တတ်သိပညာရှင်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေနဲ့ ပြည်သူတွေရဲ့ စုပေါင်းအင်အားနဲ့ ကြိုးပမ်းဆောင်ရွက်မှာပါလို့ ပြောဆိုထားပါတယ်။ လက်တွေ့လုပ်ဆောင်ကြတဲ့အခါ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ ကိစ္စမှာ ပထမ အရေးကြီးဆုံးအချက်က အဆုံးအဖြတ်ပေးနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံမှုရယ်၊ အရေးကြီးတဲ့ ပြည်ထောင်စုဝန်ကြီးသုံးဦးကို အမည်စာရင်း တင်သွင်းနိုင်တဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ နားလည်သဘောပေါက် ထောက်ခံမှုရယ် ရရှိဖို့လိုပါတယ်။ အရေးကြီးတဲ့ လုပ်ဆောင်မှု အဆင့်တိုင်းမှာလည်း သူတို့နဲ့ ဆွေးနွေးတိုင်ပင်သွားမယ်ဆိုရင် လုပ်ငန်းစဉ်များ ပိုမိုချောမွေ့ အဆင်ပြေမှာဖြစ်ကြောင်းကို လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များ အထစ်အငေါ့ ဖြစ်နေတာကို သင်ခန်းစာယူဖို့ ထောက်ပြရင်း သတိပေးပြောကြားလိုပါတယ်။ ရဲထွန်း (သီပေါ)
3 years Ago

October 25, 2016

အမေရိကန် ဖက်ဒရယ်စနစ် ဖြစ်ပေါ်တိုးတက်လာပုံ

  ကျနော်တို့နိုင်ငံမှာ ယခုအခါ ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ)ကို ဗဟိုပြု၍ ဒီမိုကရက်တစ်ဖက်ဒရယ်စနစ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောဆိုနေသောကာလ ဖြစ်ပါသည်။ သို့ဖြစ်ရာ နိုင်ငံတကာတွင် အောင်မြင်စွာ ကျင့်သုံးနေသော ဖက်ဒရယ်စနစ် အမျိုးမျိုးကို လေ့လာသင့်သည်ဟု ယူဆမိပါသည်။ ထိုသို့ လေ့လာရာတွင် သက်ဆိုင်ရာနိုင်ငံ၏ သမိုင်းကြောင်း ဖြတ်သန်းမှု၊ ပြည်သူလူထု၏ နိုင်ငံရေး၊ စီးပွားရေးအဆင့်နှင့် ယဉ်ကျေးမှု စသည်တို့ကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ သို့ဖြစ်၍ အမေရိကန်ဖက်ဒရယ်စနစ် မည်ကဲ့သို့ ဖြစ်ပေါ်ပြောင်းလဲလာပုံ အကြမ်းဖျင်းကို ပထမဦးစွာ မိတ်ဆက်ပေးလိုပါသည်။ နောက်ပိုင်းတွင် ကနေဒါ ဖက်ဒရယ်စနစ်၊ အိန္ဒိယ ဖက်ဒရယ်စနစ် မိတ်ဆက်ချက်များကို ဆက်လက်တင်ပြသွားရန် ရည်ရွယ်ထားပါသည်။    အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်နိုင်ငံရေးစနစ်မှာ အစောဆုံး ပေါ်ပေါက်လာသော ဖက်ဒရယ်စနစ်ဖြစ်ပြီး (Coming together) စိတ်တူကိုယ်တူ လာရောက် ပူးပေါင်းစုဖွဲ့သောပုံစံ ဖြစ်သည်။ ထို့အတူ ပါဝင်ဖွဲ့စည်းထားသော ယူနစ်(ပြည်နယ်များ)မှာ လူမျိုးကို အခြေမခံဘဲ နယ်မြေဒေသကိုသာ အခြေခံသော ( Territorial federalism ) ဖက်ဒရယ်စနစ်ဖြစ်၍ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းကာလအတွင်း ငွေဝယ်ကျွန်စနစ် ဖျက်သိမ်းရေးကို ဗဟိုပြုကာ တောင်ပိုင်းနှင့် မြောက်ပိုင်းအကြား ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် (၁၈၆၁-၆၅) မှလွဲ၍ ခွဲထွက်ရေးအန္တရာယ် ကြီးကြီးမားမား မကြုံခဲ့ရချေ။ အမေရိကန်တို့ ယနေ့ ကျင့်သုံးနေသော ဖက်ဒရယ်စနစ်မူဘောင်များမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တခါတည်း ရေးပြီး ပြီးပြည့်စုံသွားခြင်းမျိုး မဟုတ်ဘဲ ခေတ်အလိုက် လိုအပ်ချက်များအရ တဖြည်းဖြည်းချင်း ပြင်ဆင်သွားရသည်များ ရှိသလို၊ အခြေခံဥပဒေကို ပြင်ဆင်ခြင်းမပြုဘဲ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ပေးသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်များဖြင့် လုပ်ကိုင်သွားကြခြင်းဖြင့် အားကောင်းသော ဗဟိုအစိုးရကို တည်ဆောက်ရခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။   အမေရိကန် ပြည်ထောင်စု၏ ဖက်ဒရယ်စနစ်ဆိုသည်မှာ ပြည်နယ်အစိုးရများနှင့် အမေရိကန် ပြည်ထောင်စု ဖက်ဒရယ်အစိုးရ (အမျိုးသားအစိုးရ)တို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သို့ ဆက်သွယ်ပေါင်းစပ်နေပုံကို ဖော်ပြခြင်းပင် ဖြစ်သည်။ နိုင်ငံကို စတင်တည်ထောင်စအချိန်၊ အထူးသဖြင့် အမေရိကန် ပြည်တွင်းစစ်အပြီးတွင် ပြည်နယ်များရှိ အာဏာပါဝါများသည် အမျိုးသား အစိုးရ (ပြည်ထောင်စုအစိုးရ)သို့ ရွှေ့ပြောင်းရောက်ရှိလာခဲ့သည်။ အမေရိကန် ဖက်ဒရယ်စနစ် ဖြစ်ထွန်းတိုးတက်လာမှုတွင် (State-centered) ပြည်နယ်ဗဟိုပြု၊ (Dual) အာဏာပြိုင်နှင့် (New federalism) ဖက်ဒရယ်ဝါဒသစ်တို့အကြောင်း ပြောမှ ပြည့်စုံပေလိမ့်မည်။ သမ္မတနိုင်ငံ၏ အစဦးကာလ (confederation) စနစ် အစဦးကာလ ဖက်ဒရယ်စနစ်သည် ပြည်ထောင်စုအစိုးရအား လုပ်ပိုင်ခွင့်အာဏာ အနည်းအကျဉ်းသာ ပေးထားသော (Articles of Confederation) “ကွန်ဖက်ဒရေးရှင်း ပြဋ္ဌာန်းချက်များ” ဆိုသည့်၊ အခြေခံဥပဒေဖြင့် ပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းထားခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် အခြေခံဥပဒေပြဋ္ဌာန်းချက်များတွင် (Continental Congress) ဟု ထိုစဉ်က ခေါ်ဝေါ်ခဲ့သော ၁၃ ပြည်နယ်၏ ပြည်ထောင်စုလွှတ်တော်သို့ စစ်ကြေညာခြင်းနှင့် စာချုပ်များ ချုပ်ဆိုခွင့်ကို ပေးထားသော်လည်း တပ်မတော်တရပ်ကို  ထောက်ပံ့ရန် အခွန်တော် ကောက်ခံခွင့်ပေးမထားသည့်အပြင် အဓိကပြဿနာများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်နိုင်ရန် တညီတညွတ်အားလုံး သဘောတူ ထောက်ခံရန် လိုအပ်သည်။ ဖက်ဒရယ်စနစ်ပြုပြင်ရေးမှာ အနောက်ပိုင်း မက်ဆာချူးဆက်မှ အသေးစား လယ်ပိုင်ရှင် လယ်သမားများ၏ လက်နက်ကိုင် ပုန်ကန်ထကြွမှုဖြစ်သော ရှေးလ်ပုန်ကန်မှု (၁၇၈၆-၈၇) ကို နှိမ်နင်းသည့်အချိန်တွင် ပိုမိုအားကောင်းလာခဲ့သည်။ အမေရိကန်တော်လှန်ရေး စစ်ပွဲကာလက တင်ရှိခဲ့သော အကြွေးများကို ဖြေရှင်းရင်း ဝန်ပိနေသည့် ပြည်ထောင်စုအစိုးရ(ဖက်ဒရယ်အစိုးရ)၏ စွမ်းဆောင်ရည်ကင်းမဲ့မှုကြောင့် ဆိုးရွားနေသော စီးပွားရေးက လက်နက်ကိုင်ပုန်ကန်မှုကို တွန်းအားပေးသလို ဖြစ်စေခဲ့သည်။ ထို့အပြင် ဖက်ဒရယ်အစိုးရအနေဖြင့် လက်နက်ကိုင်ပုန်ကန်မှုကို နှိမ်နင်းရန် တပ်မတော်တရပ်ကို တာဝန်ယူထောက်ပံ့နှိုင်စွမ်း မရှိကြောင်း ထင်ရှားလာခဲ့ပြီး မက်ဆာချူးဆက်ပြည်နယ်က ကိုယ်ပိုင်တပ်မတော်ကို မဖြစ်မနေ တည်ထောင်ခဲ့ရသည်။ ပြည်နယ်ဗဟိုပြုဖက်ဒရယ် (state centered) မှ အားကောင်းသော ဗဟိုရှိသည့် ဖက်ဒရယ်စနစ်ဆီသို့ ၁၇၈၇ ခုနှစ်တွင် ကိုယ်စားလှယ် ၅၅ ဦးတို့သည် ဖီလာဒယ်ဖီးယားတွင် အခြေခံဥပဒေဆိုင်ရာ ညီလာခံတခု ကျင်းပပြီး ဥပဒေပြုလွှတ်တော်နှစ်ရပ် ထားရှိရေးနှင့် ပတ်သက်သော အယူအဆ၊ ပြည်နယ် ကြီးကြီးငယ်ငယ်တို့အတွက် မျှခြေရှိမည့် ကိုယ်စားပြုခွင့်အယူအဆ (Great Compromise)၊ အပြန်အလှန် ထိန်းကျောင်းမှု ( Checks and balances) အယူအဆ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ ဂျိမ်းစ်မက်ဒီဆင် (James Madison) က တက်ရောက်လာသည့် ကိုယ်စားလှယ်များအား ရှည်လျားသည့် ညီလာခံအဖွင့်အမှာစကား ပြောကြားရာတွင် “တမျိုးသားလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်များအပေါ် ရှုမြင်သုံးသပ်ရာမှာ ပြည်နယ်ဥပဒေပြုရေး မဏ္ဍိုင်များအနေနဲ့ လျော်ကန်သင့်မြတ်တဲ့အမြင်များ ရရှိဖို့ ခက်ခဲကြောင်း”၊ သို့ဖြစ်၍ ပိုမိုအားကောင်းသည့် ဗဟိုအစိုးရတရပ် လိုအပ်ကြောင်း ဆွေးနွေးသွားခဲ့သည်။ အဆိုပါညီလာခံမှာ ချက်ချင်းဆိုသလိုပင် မူလလုပ်ပိုင်ခွင့်အာဏာကို စွန့်လွှတ်ပြီး အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေ (Constitution of the United States) သစ်တရပ် ရေးဆွဲရေးအတွက် ပြင်ဆင်ခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အပေါ် အားကောင်းမောင်းသန် ခုခံကာကွယ်ခဲ့သည်ကား ပြည်နယ်များက အတည်ပြုထောက်ခံမဲပေးနိုင်ရေး ရည်ရွယ်ကာ နယူးယောက်မြို့တွင် ပုံနှိပ်ထုတ်ဝေခဲ့သော ဖက်ဒရယ်ဆိုင်ရာ စာတမ်းများ (The federalist Papers) ပင် ဖြစ်သည်။ ကလောင်ရှင် အမည်အတိအကျ ဖော်ပြမထားခဲ့သော အဆိုပါစာတမ်းများမှာ စုစုပေါင်း ၈၅ စောင်ရှိပြီး၊ အလက်ဇန္ဒား ဟမ်မီလတန် (Alexander Hamilton)၊ ဂျိမ်းစ် မက်ဒီဆင် (James Madison) နှင့် ဂျွန်ဂျေး (John Jay) တို့က အတည်ပြုရန် တင်ပြထားသော အခြေခံဥပဒေသစ်၏ အကျိုးပြုနိုင်ပုံများ၊ အခြေခံဥပဒေသစ်ပါ ပြဋ္ဌာန်းချက်များနောက်ကွယ်မှ နိုင်ငံရေး သဘောတရား များနှင့် လုပ်ငန်းတာဝန်များကို ခွဲခြမ်းစိတ်ဖြာ ရေးသားပြခဲ့သည်။ ယခုအခါ အဆိုပါစာတမ်းများမှာ အမေရိကန်နိုင်ငံရေးသိပ္ပံပညာတွင် အရေးအကြီးဆုံး စာရွက်စာတမ်းများအဖြစ် တည်ရှိနေလေပြီ။  အခြေခံဥပဒေသစ်ကို ဆန့်ကျင်သောသူများကိုကား ဖက်ဒရယ်ဆန့်ကျင်ရေးသမားများ (Anti-Federalists) ဟု ခေါ်ကြသည်။ ထိုသူများမှာ ယေဘုယျအားဖြင့် ကျဉ်းမြောင်းသော ဒေသဆိုင်ရာအမြင်သာ ရှိကြပြီး ကျယ်ပြန့်သော အမျိုးသားရေးအမြင်မရှိသူများ ဖြစ်ကြသည်။ သူတို့၏ အမြင်များမှာ ကုန်သွယ်စီးပွားရေးနှင့် ဘဏ္ဍာရေးကိစ္စများထက် စိုက်ပျိုးရေးနှင့် လယ်ယာမြေဆိုင်ရာ ပြဿနာများနှင့် ချိတ်ဆက်ထားသည့်အမြင်များ ဖြစ်ပြီး အားကောင်းသော ပြည်နယ်အစိုးရများနှင့် အားနည်းချည့်နဲ့သော အမျိုးသားအစိုးရ (ပြည်ထောင်စုအစိုးရ)ကိုသာ အလိုရှိကြသည်။ (ဤနေရာတွင် မြန်မာနိုင်ငံသမိုင်းမှ ဖက်ဒရယ်စနစ် ဆန့်ကျင်သူများနှင့် အဓိပ္ပာယ် ဆန့်ကျင်ဘက်ဖြစ်သည်ကို သတိပြုစေလိုသည်။ မြန်မာ့သမိုင်းတွင် ဖက်ဒရယ်စနစ် ဆန့်ကျင်ရေးသမား ဆိုသည်မှာ အားကောင်းသော ဗဟိုချုပ်ကိုင်မှုကြီးသည့် အစိုးရကို လိုလားသူများ ဖြစ်သည်။ စကားချပ်) နောက်ပိုင်းတွင် ဖက်ဒရယ်ဆန့်ကျင်ရေးသမားများမှာ “အခြေခံဥပဒေသစ်တွင် ထည့်သွင်းပေးရန် ဖက်ဒရယ်သမားများက ကတိပေးခဲ့ကြပြီးဖြစ်သည့်” နိုင်ငံသားအခွင့်အရေး (bill of rights) မပါရှိမှုအပေါ် ပြောင်းလဲကာ အလေးထား ဝေဖန်ထိုးနှက်ခဲ့ကြလေသည်။   ဂျော့ဝါရှင်တန်က ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ထောက်ခံသည့် သြဇာအရှိန်အဝါနှင့် လိမ္မာပါးနပ်သည့် စည်းရုံးရေးဆိုင်ရာ ကျွမ်းကျင်မှုများကြောင့် အခြေခံဥပဒေကို ပြည်နယ်အားလုံးက ထောက်ခံအတည်ပြုခဲ့ကြသည်။ ပျက်ပြယ်သွားပြီဖြစ်သည့် ကွန်ဖက်ဒရေးရှင်းလွှတ်တော် (Congress of the Confederation) က အစိုးရသစ်ကို ရွေးကောက်တင်မြှောက်ရန် အချိန် သတ်မှတ်ထားခဲ့ရာ ၁၇၈၉ ခုနှစ် မတ်လ ၄ ရက်နေ့မှာ အစိုးရသစ် စတင်တာဝန်ယူရမည့်နေ့ ဖြစ်သည်။ ၁၇၈၉ ခုနှစ်တွင် ကွန်ဂရက်လွှတ်တော်က ပြည်နယ်များအတွက် ပြဋ္ဌာန်းချက် ၁၂ ချက်ကို တင်သွင်းပြဋ္ဌာန်းခဲ့သည်။ ၎င်းတို့အနက် ၁၀ ချက်မှာ လွှတ်တော်ကော်မတီများက ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ၁၇၉၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံသား အခွင့်အရေး (United States Bill of Rights)  ဖြစ်လာရန် လမ်းဖွင့်ပေးခဲ့လေသည်။ ဒသမမြောက် ပြင်ဆင်ချက်မှာ အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်စနစ်အတွက် လမ်းညွှန်ချက်မှုများ ဖြစ်ခဲ့လေသည်။ ဖက်ဒရယ်လစ်ပါတီ ဖက်ဒရယ်လှုပ်ရှားမှု မှေးမှိန်သွားသည်နှင့်တပြိုင်နက် ဒုတိယတခုက ချက်ချင်းဆိုသလို အစားထိုး နေရာယူလာခဲ့သည်။ အဆိုပါ ဒုတိယတခုမှာ အလက်ဇန္ဒား ဟမ်မီလတန်နှင့် သူ့မဟာမိတ်များ၏ အားကောင်းသော အမျိုးသားအစိုးရ(ပြည်ထောင်စုအစိုးရ)၊ လျော့ရဲသည့် တည်ဆောက်မှု (loose construction) ပုံစံ၊ အခြေခံဥပဒေနှင့် (လယ်ယာစိုက်ပျိုးစီးပွားရေးထက်) ကုန်သွယ်စီးပွားရေးကို လိုလားသည့် မူဝါဒများအပေါ် အခြေခံထားသည့် လှုပ်ရှားမှု ဖြစ်သည်။ တဖြည်းဖြည်း အချိန်ကြာလာသောအခါ ဤမူဝါဒများကို နှစ်သက် သဘောကျသူများ စုစည်းမိလာကြပြီး ပထမဦးဆုံးသော နိုင်ငံရေးပါတီတရပ် ဖြစ်သည့် ဖက်ဒရယ်လစ်ပါတီကို တည်ထောင်ခဲ့ကြလေသည်။ ဖက်ဒရယ်လစ်ပါတီ၏ ဆန့်ကျင်ဘက် ဒီမိုကရက်တစ်၊ ရီပတ်ဘလီကင်ပါတီမှာမူ  အားကောင်းသော အစိုးရတရပ်ကို မလိုလားချေ။ အားကောင်းသောအစိုးရမှာ ပြည်သူလူထု၏ လွတ်လပ်ခွင့်များအတွက် ခြိမ်းခြောက်မှုတခုအဖြစ် ၎င်းတို့က ရှုမြင်ကြသည်။ သူတို့က အစိုးရသစ်ကြောင့် ဖြစ်ပေါ်လာသော အမျိုးသားကြွေးမြီက တနိုင်ငံလုံးကို ဒေဝါလီခံရစေလိမ့်မည်ဟု အလေးတင်းပြောဆိုကြသည်။ ထို့ပြင် ပြည်ထောင်စုငွေစုစာချုပ်ကို ဝယ်ယူထားသူများမှာ ရိုးသားသော လယ်သမား၊ အလုပ်သမားများထံမှ ရသည့် အခွန်ငွေများကို အချောင်ခံစားနေသူများ ဖြစ်သည်ဟု ဆိုလေသည်။ အဆိုပါသဘောထားများကား ၁၇၈၀ ခုနှစ်များလောက်ဆီက ဖက်ဒရယ်လစ် လှုပ်ရှားမှုများ၏ ဆန့်ကျင်ဘက် အင်တီ၊ ဖက်ဒရယ်လစ် (ဖက်ဒရယ် ဆန့်ကျင်ရေးသမား)များ စွဲကိုင်ခဲ့သော သဘောထားများပင် ဖြစ်ကြသည်။ တရားသူကြီးချုပ် ဂျွန်မာရှယ်လက်ထက်က ဖက်ဒရယ်ဝါဒ ၁၉ ရာစုအစောပိုင်းကာလများတွင် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှုကို ရှင်းလင်းပြတ်သားအောင် ပြုလုပ်ရာတွင် အမေရိကန်ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တရားသူကြီးချုပ် ဂျွန်မာရှယ်က အရေးပါသည့်အခန်းမှ ပါဝင်ခဲ့လေသည်။ အစိုးရများအကြား (ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများ) အာဏာခွဲဝေကျင့်သုံးမှုနှင့်ပတ်သက်၍ အမေရိကန်ဖွဲ့ စည်းပုံအခြေခံဥပဒေက ရှင်းလင်းပြတ်သားစွာ ဖော်ပြမထားသည့်အတွက် နယူးယောက်ရှိ တရားလွှတ်တော်ချုပ်က ဖြေရှင်းပေးခဲ့ရလေသည်။ ဥပမာအားဖြင့် မက်ကူလော့နှင့် မေရီလန် (Mc Culloch Vs. Maryland)၊ ဂစ်ဘွန်နှင့် အော့ဂ်ဒင် ( Gibbons Vs.Ogden) စသည့်  အမျိုးသားအစိုးရ (ဖက်ဒရယ်အစိုးရ)၏ လုပ်ပိုင်ခွင့်အာဏာကို ချဲ့ထွင်ပေးခဲ့ရသည့် အမှုအခင်းမျိုးကို ဖြေရှင်းပေးရင်း ပြဿနာများကို အဖြေထုတ်ပေးခဲ့ရသည်။ အာဏာပြိုင် ဖက်ဒရယ်ဝါဒ (Dual Federalism) ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ် မာရှယ်က ထိုသို့သော အမှုများတွင် ဖက်ဒရယ်အစိုးရအာဏာကို ပိုမိုအားကောင်းစေသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သော်လည်း သူ့ကို ဆက်ခံသည့် ရော်ဂျာဘီတိုနီ (Roger B.Taney (1835-1863)) လက်ထက်တွင်မူ အမျိုးသားအစိုးရနှင့် ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်အာဏာကို တန်းတူအားကောင်းစေသည့် ဆုံးဖြတ်ချက်များကိုသာ ချမှတ်ခဲ့လေသည်။ ထိုစဉ်က အခြေခံတွေးခေါ်စဉ်းစားမှုမှာ ပြည်ထောင်စုအစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများကို သတ်မှတ်ထားသော စာရင်းအတိအကျဖြင့် ကန့်သတ်ထားသင့်ပြီး ကျန်ရှိသည့်အာဏာများမှာ ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာများ ဖြစ်သင့်သည်ဟူသော အယူအဆ ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ၁၆ ခုမြောက် ပြင်ဆင်ချက်ရော၊ ၁၇ ခုမြောက် ပြင်ဆင်ချက်ပါ၊ အမျိုးသားအစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို အားဖြည့်ပေးခဲ့သကဲ့သို့ ပြည်နယ်နှင့် ဖက်ဒရယ်လုပ်ပိုင်ခွင့်တို့အကြား အာဏာခွဲဝေမှုကိုလည်း အားဖြည့်ပေးခဲ့လေသည်။ အာဏာပြိုင်ဖက်ဒရယ်ဝါဒနှင့် ဆက်ဆံမှုအစီအစဉ်သစ် (New Deal) အကြားကာလ  တရားသူကြီးချုပ် တိုနီနှင့် “အာဏာပြိုင်ဖက်ဒရယ်ဝါဒ” ခေါင်းထောင်ထလာချိန်နောက်ပိုင်း ဖက်ဒရယ်အစိုးရ၊ ပြည်နယ်အစိုးရနှင့် ဒေသဆိုင်ရာအစိုးရတို့အကြား လုပ်ပိုင်ခွင့်အာဏာ ခွဲဝေမှုမှာ ရာစုနှစ်တခုမျှ သိသိသာသာ ပြောင်းလဲမှုမရှိခဲ့ဟု ဆိုရပေမည်။ သို့သော်လည်း မျက်မှောက်ခေတ် ဖက်ဒရယ်စနစ်၏ အစိတ်အပိုင်းများတွင် ၁၈၆၁ ခုနှစ်မှ ၁၉၃၃ ခုနှစ်ကာလအတွင်း မူလအခြေအနေများကို ပြင်ဆင်ချက် ပြုလုပ်ခဲ့ရမှုများစွာ ပါဝင်သည်။ ဥပမာ- ဘဏ်များမှာ ပြည်နယ်များ၏ လုပ်ပိုင်ခွင့်နှင့် ထိန်းချုပ်ပိုင်ခွင့်အောက်တွင် ကာလရှည်ကြာစွာ တည်ရှိနေခဲ့ရာမှ၊ ဝါရှင်တန် ဗဟိုမှ အရာရှိများက စီမံခန့်ခွဲပြီး (ဗဟိုဘဏ်) အထူးသီးသန့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အမျိုးသားဘဏ်များကို ကွန်ရက်အဖြစ် ဖွဲ့စည်းတည်ထောင်ရန် ကွန်ဂရက်က ၁၈၆၃ နှင့် ၁၈၆၄ ခုနှစ်တွင် “အမျိုးသားဘဏ်ဥပဒေများ” ပြဋ္ဌာန်းပေးခဲ့ရခြင်းမျိုး ဖြစ်သည်။ ပထမကမ္ဘာစစ်ပွဲကာလအတွင်း ဖက်ဒရယ်ပြည်ထောင်စုဘဏ် သည် တောင်သူလယ်သမားများအား ကူညီထောက်ပံ့နိုင်ရန် စနစ်တခုကို တည်ထောင်ခဲ့ပြီး သမ္မတ ဟားဗတ်ဟူးဗား၏ နောက်ဆုံးနှစ်တွင် နိုင်ငံသားများ အိုးပိုင်အိမ်ပိုင်နှင့် နေထိုင်နိုင်ရေးအထိ နေထိုင်မှုဘဝ တိုးတက်လာစေရန် အစီအစဉ် ချမှတ် ဆောင်ရွက်ခဲ့သည်။ ကွန်ဂရက်သည် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ ပြည်နယ်အချင်းချင်းအကြား ကူးသန်းရောင်းဝယ်မှုနှင့် သက်ဆိုင်သော အခွန်အကောက် နှုန်းထားများ၊ အလုပ်သမား ကူးလူးဆက်ဆံရေး ပြဿနာများ၊ ရထားသံလမ်းများ၊ စတော့များနှင့်ပတ်သက်၍ ဥပဒေ ပြဋ္ဌာန်းသတ်မှတ်ပေးခဲ့သည်။ ပထမကမ္ဘာစစ်ပွဲ ဖြစ်ခါနီးစအချိန်တွင် ရထားလမ်း အလုပ်သမားများအတွက် လုပ်ခ လစာနှုန်းထား သတ်မှတ်သည့် ဥပဒေ ပြဋ္ဌာန်းပေးခဲ့သည်အထိ ကွန်ဂရက်က ဆောင်ရွက်ခဲ့လေသည်။ ၁၉၂၀ ခုနှစ်များအတွင်း ကွန်ဂရက်က ပြည်နယ်အချင်းချင်းအကြား ဆက်သွယ်သော မီးရထားလမ်း အလုပ်သမားများအတွက် စုပေါင်းရပိုင်ခွင့် အခွင့်အရေး အပ်နှင်းသည့် ဥပဒေများကို ပြဋ္ဌာန်းပေးခဲ့သည်။ ကွန်ဂရက်သည် စီးပွားရေးဆိုင်ရာ ဥပဒေပြုခွင့်အာဏာကို အသုံးပြု၍ စာရိတ္တပိုင်းဆိုင်ရာ ဥပဒေပြုမှုများလည်း လုပ်ဆောင်ခဲ့သည်။ ဥပမာ- (အမှန်အားဖြင့် စီးပွားရေးဆိုင်ရာ ဥပဒေပြုပိုင်ခွင့် အာဏာမှာ ပြည်နယ်အချင်းချင်းအကြား သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင်သာ သြဇာသက်ရောက်ရန် ကန့်သတ်ထားခြင်း ဖြစ်သော်လည်း) ၁၉၀၇ ခုနှစ်တွင် ကွန်ဂရက်က ပြဋ္ဌာန်းခဲ့သည့် မန်းဥပဒေ (Mann Act) သည်  အမျိုးသမီးများအား မူမမှန်သော ရည်ရွယ်ချက်ဖြင့် ပြည်နယ်ဖြတ်ကျော်ကူးသန်းခြင်းကို တားမြစ်ထားသည့် အကျင့်စာရိတ္တပိုင်းဆိုင်ရာ (လူမှုရေး) ဥပဒေပင် ဖြစ်သည်။ ပြည်တွင်းစစ်ပွဲကာလအတွင်းက ပြည်နယ်များရှိ ကောလိပ်ကျောင်းများ တည်ထောင်ရန်  မြေငှားချထားပေးရေးအတွက် မြေရောင်းရမှု အခွန်တော်ငွေများကို ကွန်ဂရက်က အသုံးပြုခဲ့လေ သည်။ ထိုသို့ ဆောင်ရွက်ရန် မိုရေး မြေအငှားချထားရေးဥပဒေ (Morrill Land-Grant Acts) ကို အသုံးပြုခဲ့သည်။ အဆိုပါကိစ္စအပေါ် ထားရှိသည့် သဘောထားမှာ မြေယာရောင်းချရမှု အခွန်တော်ငွေများသည် အခြေခံဥပဒေ ပုဒ်မ ၁၊ အပိုဒ်ခွဲ (၈) (အဆိုပါအပိုဒ်တွင် ကွန်ဂရက်၏ ဥပဒေပြုပိုင်ခွင့်အာဏာများကို သတ်မှတ်ထားသည်) တွင် သတ်မှတ်ထားသည်ထက် ကျော်လွန်ကာ ပိုမိုထိရောက်စွာ မြှုပ်နှံအသုံးချသင့်သည်ဆိုသည့် အယူအဆ ဖြစ်သည်။ ၁၈၈၀ ခုနှစ်များအတွင်း ကြိမ်ဖန်များစွာပင် ကွန်ဂရက်ရှိ လွှတ်တော်တရပ် မဟုတ်။ အခြားတရပ်တွင် (အထက်လွှတ်တော် သို့မဟုတ် အောက်လွှတ်တော်) ပြည်နယ်များရှိ အခြေခံမူလတန်းကျောင်းများသို့ မြေရောင်းရ အခွန်တော်ငွေဖြင့် ထောက်ပံ့ခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းခဲ့ကြသည်။ ၂၀ ရာစု၏ ပထမနှစ်များ အတွင်းတွင် ဖက်ဒရယ်ထောက်ပံ့ငွေ အမြောက်အမြားဖြင့် အားတက်သရော ထောက်ပံ့ခဲ့သည့်ပြင် ကွန်ဂရက်က အထွေထွေအခွန်တော်ငွေများကိုပင် စတင်အသုံးပြု၍ ခွင့်ပြုငွေ ချထားပေးခြင်းများ ပြုလုပ်ခဲ့သည်။ ဤသို့ဖြင့် အခြေခံဥပဒေပါ အထွေထွေလူမှုဖူလှုံရေးအပိုဒ်တွင် ပေးထားသည့် ကျယ်ပြန့်သော အခွင့်အာဏာကို အသုံးချခဲ့သည်။ သမ္မတဟားဗတ်ဟူးဗား၏ လက်ထက်တွင်လည်း ဆင်းရဲမွဲတေမှု ပပျောက်ရေး ရည်ရွယ်ချက်ဖြင့် ပြည်နယ်များသို့ ထောက်ပံ့ကူညီငွေများ ခွဲဝေခွင့်ပြုပေးခဲ့သည်။ ရေဘေးသင့် ကပ်ဆိုက်သော ဒေသများ၊  လယ်ယာသီးနှံ ပျက်စီးဆုံးရှုံးရမှုများကို ထောက်ပံ့ကူညီမှုများသည် သမ္မတ ဝုဒရိုးဝီလဆင် (၁၉၁၃-၂၁) လက်ထက်တွင် စတင်၍ အဆများစွာ တိုးလာခဲ့သည်။ ၁၉၂၀ ခုနှစ်များတွင် ပြည်ထောင်စု(ဝါရှင်တန်)သည် နိုင်ငံတွင်း ဥပဒေစိုးမိုးရေးကဏ္ဍသို့တိုင် ၎င်း၏ အာဏာကို ဖြန့်ကြက်ခဲ့သည်။ ၁၉၃၃ ခုနှစ်သို့ ရောက်သောအခါ ဖက်ဒရယ်အစိုးရအနေဖြင့် တစုံတခုသော ရည်မှန်းချက်အတွက် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ငွေသုံးစွဲမှုများအပေါ် ကျယ်ပြန့်သော လုပ်ထုံးလုပ်နည်း ချမှတ်ကျင့်သုံးခွင့်ရှိသည်ဟု ယူဆသည့် ကိစ္စမှန်သမျှ အားလုံးလိုလို လုပ်ဆောင်နိုင်ရန် လိုအပ်သော စီရင်ထုံးများမှာ ပြည့်စုံလုနီးပါး ရှိခဲ့လေပြီ။ အမှန်တကယ်အားဖြင့် ကွန်ဂရက်လွှတ်တော်တွင်း ဆွေးနွေးဆုံးဖြတ်ချက်ချလိုစိတ်ရှိရန် (ဥပဒေ ပြဋ္ဌာန်းရန်)နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က “အများညီ ဤကို ကျွဲဖတ်ရန်”  (အခြေခံဥပဒေ နှင့် ညီညွတ်ပါသည်ဆိုသည့် ဆုံးဖြတ်ချက်ချမှတ်ရန်)သာ လိုရင်းဖြစ်လေသည်။ ပူးပေါင်းဆောင်ရွက်ရေး ဖက်ဒရယ်ဝါဒ (cooperative federalism) မဟာစီးပွားပျက်ကပ်ကြီး (Great Depression)က အာဏာပြိုင် ဖက်ဒရယ်ဝါဒကို ရုတ်တရက် အဆုံးသတ်ပေးလိုက်ပြီး အားကောင်းသော အမျိုးသားအစိုးရတရပ်ဆီသို့ ဦးတည် ရွေ့လျားစေလေသည်။ သမ္မတဖရန်ကလင်ဒီ ရုစ်ဗဲ့လ်၏ ဆက်ဆံမှုအစီအစဉ်သစ် (New Deal) ပေါ်လစီများက အမေရိကန်နိုင်ငံသားအားလုံးဆီသို့ အခြားသော ဖက်ဒရယ်အစိုးရ အစီအစဉ်များထက် ပိုမို၍ သက်ရောက်မှု ရှိခဲ့လေသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရုစ်ဗဲ့လ်တ်၏ စီးပွားရေးအစီအစဉ်အားလုံးနီးပါးကို ပယ်ချခဲ့ (အခြေခံဥပဒေနှင့် ညီညွတ်မှု မရှိဟု ဆိုကာ) သည့်အတွက် သမ္မတက “တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ပြန်လည်ပြုပြင်ရေး ဥပဒေကြမ်း ၁၉၃၇” ကို တင်သွင်းလျက် တရားလွှတ်တော်ချုပ်တွင် တရားသူကြီးအရေအတွက် ထပ်တိုးရန် လုပ်ဆောင်ခဲ့ရလေသည်။ ဒီမိုကရက်များ လွှမ်းမိုးသည့် ကွန်ဂရက်နှင့် အဖွဲ့ဝင် တိုးချဲ့လိုက်သည့် တရားလွှတ်တော်ချုပ်တို့က ရုစ်ဗဲ့လ်တ်၏ ပေါ်လစီများကို မျက်နှာသာပေး၍ အတည်ပြုခဲ့ခြင်းဖြင့် အခြေခံဥပဒေအတားအဆီးကို ကျော်ဖြတ်ခဲ့လေသည်။ နိုင်ငံရေးသိပ္ပံပညာရှင် သီအိုဒိုလိုဝီ (Theodore Lowi) က အောက်ဖော်ပြပါ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက် ၃ ခုက အာဏာအရွေ့ကို ခိုင်မာစွာ သက်သေပြနေသည်ဟု ဆိုသည်။ * “အမျိုးသားအလုပ်သမား ဆက်ဆံရေးဘုတ်အဖွဲ့” နှင့်  “ဂျုံးစ်နှင့် လပ်ဖ်လင် သံမဏီကော်ပိုရေး” တို့အကြား ဖြစ်ပွားသည့်အမှု * “ ဟဲ့ဗားရင်း” နှင့် “ဒေဗစ်” တို့အကြား ဖြစ်ပွားသည့်အမှု * “ စတီးဝပ် စက်ပစ္စည်း ကုမ္ပဏီ” နှင့် “ဒေးဗစ်” တို့အကြား ဖြစ်ပွားသည့် အမှုတို့ ဖြစ်ကြသည်။ ဆက်ဆံမှုအစီအစဉ်သစ်ပါ ပေါ်လစီများကို အကောင်အထည်ဖော်ရန်အတွက် (ဖက်ဒရယ်အစိုးရ) အမျိုးသားအစိုးရမှာ အဆင့်အသီးသီးရှိ အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ရ တော့သည်။ ဖက်ဒရယ်အစိုးရအနေဖြင့် မြို့တော်အဆင့်တွင် ပြည်နယ်အစိုးရ၏ ဥပဒေပြုရေးမဏ္ဍိုင်ကို ဖြတ်ကျော်ရန်  “နိုင်ငံရေးယန္တရားများ” (Political machines) ကို အားထားရသကဲ့သို့ ဒေသဆိုင်ရာ အစိုးရများသည်လည်း အခြားသောအလွှာများကဲ့သို့ တူညီသော အဆင့်အတန်း အခွင့်အရေး ရရှိကြသည်။ (ဆိုလိုသည်မှာ ဗဟိုအစိုးရ လုပ်ချင်တိုင်း လုပ်၍မရဘဲ ပူးပေါင်းတိုင်ပင်ဆောင်ရွက်ခွင့် ရကြခြင်းကို ဆိုသည်။) ယခင်က ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာ အစိုးရများအကြား လုပ်ပိုင်ခွင့် အာဏာ၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့မှာ ကွဲကွဲပြားပြား စည်းခြားထားသကဲ့သို့ ရှိခဲ့သဖြင့် “အထပ်သား ကိတ်မုန့်” နှင့် ခိုင်းနှိုင်းခဲ့ကြပြီး ယခုကဲ့သို့ ခြားနားထားသော စည်းများ မှုန်ဝါးသွားသော ပူးပေါင်းဆောင်ရွက်ရေး ဖက်ဒရယ်ဝါဒ (cooperative federalism) ကို “မာဘယ်ကိတ်မုန့်” နှင့်တူသည်ဟု ခိုင်းနှိုင်းခဲ့ကြလေသည်။ ပူးပေါင်းဆောင်ရွက်ရေး ဖက်ဒရယ်ဝါဒတွင် ပြည်ထောင်စုမှ “ကူညီရေးထောက်ပံ့ငွေ”( grants in aid) အဖြစ် သို့မဟုတ် “အမျိုးအစားလိုက်ခွင့်ပြုငွေ” (categorical grants) အဖြစ် ပေးအပ်ခြင်းဖြင့် ဘဏ္ဍာငွေသုံးစွဲမှုတွင် ဖက်ဒရယ်အစိုးရက  ပိုမိုချုပ်ကိုင်လာလေတော့သည်။ ဖက်ဒရယ် ဝါဒသစ် (New Federalism) အခြားသောလှုပ်ရှားမှုတခုမှာ ၂၀ ရာစုနောက်ပိုင်းကာလနှင့် ၂၁ ရာစုအစပိုင်းတွင် ပေါ်လာသည့် “ဖက်ဒရယ်ဝါဒသစ်” (New Federalism) ဖြစ်သည်။ အဆိုပါဝါဒမှာ သမ္မတ ရော်နယ်ရီဂင် (၁၉၈၁-၈၉) ဦးဆောင်ဦးရွက်ပြုခဲ့သော လုပ်ပိုင်ခွင့်အာဏာများကို ပြည်နယ်များသို့ တစတစပြန်ပေးရေးပင် ဖြစ်သည်။ အဆိုပါဝါဒအရ မူလက ဖက်ဒရယ်အစိုးရအနေဖြင့် ပြည်နယ်များသို့ ကဏ္ဍအလိုက် ခွင့်ပြုငွေများ ချထားပေးခဲ့ပြီး ကန့်သတ်ချက်များအတိုင်း သုံးစွဲရန် အစီအစဉ်များ ထားရှိခဲ့သော်လည်း ရီဂင်က ပြည်နယ်အစိုးရများသို့ အလုံးအရင်းလိုက် ခွင့်ပြုငွေများ ချထားပေးခဲ့ပြီး အသေးစိတ်သုံးစွဲမှုအစီအစဉ်ကို ၎င်းတို့ဘာသာ ဆုံးဖြတ်ဆောင်ရွက်စေခြင်း ဖြစ်လေသည်။  ဖက်ဒရယ်ဝါဒသစ်ကို တခါတရံ “ပြည်နယ်များ၏ အခွင့်အရေး” ဝါဒ (states’ rights) ဟု ခေါ်ဝေါ်သုံးစွဲသော်လည်း ၎င်းတို့တွင် ပါဝင်သော အတွင်းသဘောများမှာ ကွဲပြားခြားနားပါသည်။ ၂၀ ရာစု အလယ်ပိုင်းလောက်က ပေါ်ခဲ့သော ပြည်နယ်များ အခွင့်အရေး လှုပ်ရှားမှု (states’ rights movement) မှာ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှု (civil rights movement) ကို ဗဟိုချက်အဖြစ်ထားခြင်း ဖြစ်သည်။  ဖက်ဒရယ်သစ်လှုပ်ရှားမှုမှာကား  စီးပွားကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အခြခံဥပဒေပါ ပြဋ္ဌာန်းချက်အပိုဒ် သို့မဟုတ် လယ်ယာစိုက်ပျိုးရေးဆိုင်ရာကဏ္ဍကို  ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်သာ သက်ဆိုင်လေသည်။ ရော်နယ်ရီဂင်၏ “ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ခြင်းတော်လှန်ရေး” (devolution revolution) ဆိုသည့် ဖက်ဒရယ်ဒီမိုကရေစီသစ်မှာ ၁၉၈၀ ပြည့်နှစ်အစပိုင်းမှ ၂၀၀၁ ခုနှစ်လောက်ထိသာ ရှည်ကြာခဲ့လေသည်။ ရဲထွန်း (သီပေါ)
4 years Ago
More News
Up