ရဲထွန်း(သီပေါ)

A d v e r t i s e m e n t With Us

March 1, 2018

ယဉ်ကျေးမှုတော်လှန်ရေးတွင် တရုတ်လူငယ်များ ပါဝင်လာပုံနှင့် မော်စီတုံး မြစ်ဖြတ်ကူးခြင်း

ရှေ့ပြေးနိမိတ်များ မော်က ပီကင်းတွင် အခြေပြုနေသော မယုံကြည် စိတ်မချရသည့် အာဏာပိုင် အရာရှိများကို သန့်စင်ခြင်းဖြင့် ယဉ်ကျေးမှု တော်လှန်ရေးကို စတင်ခင်းကျင်းသည်။ သူ၏ချဉ်းကပ်မှုမှာ ပွင့်လင်းမြင်သာ မရှိလှပေ။ ဤဖြုတ်ထုတ်ခြင်းလုပ်ငန်းကို သတင်းစာဆောင်းပါးများ၊ အတွင်းကြိတ် အစည်းအဝေးများနှင့် သူ၏ နိုင်ငံရေးမဟာမိတ်ကွန်ရက်ကို ကျွမ်းကျင်လိမ္မာစွာ ဖြန့်ကြက်ခြင်းဖြင့် ဆောင်ရွက်သည်။ ၁၉၅၉ ခုနှစ်က ပီကင်း၏ ဒုတိယမြို့တော်ဝန်လည်းဖြစ်၊ သမိုင်းပညာရှင်လည်း ဖြစ်သူ ဝူဟန်က “ဟိုင်ရွေ့ ပကွမ်း” (ဟိုင်ရွေ့ ရာထူးမှ အဖြုတ်ခံရခြင်း) ဆိုသည့် သမိုင်းပြဇာတ်တပုဒ်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ပြဇာတ်မှာ ရိုးသားသော နိုင်ငံ့ဝန်ထမ်းတဦး ဖြစ်သူ “ဟိုင်ရွေ့” ဆိုသူကို အကျင့်ပျက် ဧကရာဇ်က ရာထူးမှ ထုတ်ပယ်ပစ်လိုက်သည့် ဇာတ်လမ်း ဖြစ်သည်။ မော်က အစပထမတွင် အဆိုပါပြဇာတ်ကို ချီးမွမ်းထောမနာပြုသော်လည်း ၁၉၆၅ ခုနှစ် ဖေဖော်ဝါရီလတွင် သူက သူ့ဇနီး ကျန်းချင်းနှင့် ရှန်ဟိုင်းမှ စာရေးဆရာ ယောင်ဝေယွမ် တို့ကို တိတ်တဆိတ် တာဝန်ပေးလျက် ထိုပြဇာတ်ကို ဝေဖန်ရှုတ်ချခိုင်းလေသည်။ ယောင်က “ဟိုင်ရွေ့ပကွမ်း” မှာ ဥက္ကဋ္ဌ မော်ကို ဝေဖန်ထိုးနှက်သည့် ပြဇာတ်ဖြစ်ကြောင်း၊ မော်ကို အကျင့်ပျက် ဧကရာဇ်နှင့် ခိုင်းနှိုင်းထားပြီး ရိုးသားသော နိုင်ငံ့ဝန်ထမ်း ဟိုင်ရွေ့မှာ ကာကွယ်ရေးဝန်ကြီးဟောင်း မာရှယ် ဖုန်တက် ဟွိုင်ကို ရည်ညွှန်းထားခြင်း ဖြစ်ကြောင်း ပြောင်ပြောင်တင်းတင်း စွပ်စွဲပြစ်တင်လေတော့သည်။ သို့ဖြစ်၍ သမိုင်းပညာရှင်၊ ဒုတိယမြို့တော်ဝန် ဝူဟန်၏ ဆရာဖြစ်သူ ပီကင်းမြို့တော်ဝန် ဖုန်ကျင်းမှာ ယောင်ဝေယွမ်၏ ဝေဖန်ချက်ကို ခုခံကာကွယ်ရတော့သည်။ မြိ့တော်ဝန် ဖုန်ကျင်းမှာ ယဉ်ကျေးမှုတော်လှန်ရေး၏ အလားအလာများကို လေ့လာသုံးသပ်ရန်အတွက် မော်က တာဝန်ပေး ဖွဲ့စည်းထားသည့် ငါးဦးကော်မတီ၏ ခေါင်းဆောင်လည်း ဖြစ်သည်။ အကယ်၍ ယောင်ဝေယွမ် စွပ်စွဲသလို ဝူဟန်က မော် ဆန့်ကျင်ရေး အတွင်းသဘောဖြင့် ဟိုင်ရွေ့ပကွမ်း ပြဇာတ်ကို ရေးသားခဲ့သည်ဆိုလျှင် အကြီးအကျယ် ပြဿနာတက်တော့မည်ကို ဖုန်ကျင်းက ရိပ်မိလေသည်။ ယောင်၏ ဆောင်းပါးမှာ မူလက ဒေသဆိုင်ရာ သတင်းစာတချို့တွင်သာ ပုံနှိပ်ဖော်ပြခဲ့ခြင်း ဖြစ်သည်။ အဆိုပါဆောင်းပါးကို တနိုင်ငံလုံး ဖြန့်ချိသည့် ဖုန်ကျင်း ချုပ်ကိုင်ထားသော ပြည်သူ့နေ့စဉ် သတင်းစာနှင့် တခြားသော အဓိကသတင်းစာကြီးများတွင် မဖော်ပြရန် သူက တားမြစ်ထားသည်။ ထို့ပြင် အဆိုပါဆောင်းပါးအပေါ် ပညာရပ်ဆိုင်ရာ ချဉ်းကပ်မှုဖြင့် ဆွေးနွေးသုံးသပ်ချက်မျိုးသာ ရေးသားရန်နှင့် ယောင်ဝေယွင်၏ နိုင်ငံရေးအမြင်ကျဉ်းမှုအပေါ် ဇောင်းမပေးရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ဖုန်ကျင်းအပေါ် စာပေတိုက်ပွဲ ဆင်နွှဲနေစဉ်မှာပင် မော်က ပါတီအထွေထွေရုံး ဒါရိုက်တာ ယန်စန်းခွန်းကို အခြေအမြစ် မခိုင်မာသော စွပ်စွဲချက်များဖြင့် အလုပ်ဖြုတ်လိုက်ပြီး သူ ယုံကြည်စိတ်ချသူ ဝမ်တုံရှင်းကို အစားထိုးလိုက်သည်။ ပါတီ၏ အထွေထွေအုပ်ချုပ်ရေးရုံးမှာ ပါတီအတွင်းပိုင်း ဆက်သွယ်ရေးအားလုံးကို ချုပ်ကိုင်ထားသည့်ဌာန ဖြစ်သည်။ ယန်စန်းခွန်းကို ဖြုတ်ချလိုက်ခြင်းက မော်၏ သစ္စာခံများကို သူတို့၏ပြိုင်ဘက်များကို ထိုးနှက်တိုက်ခိုက်ရန် အချက်ပြ အားပေးလိုက်သလို ဖြစ်သွားသည်။ သို့ဖြစ်၍ ဒီဇင်ဘာလ ရောက်သည့်အခါ မော်၏ သစ္စာခံ ကာကွယ်ရေးဝန်ကြီး လင်ပြောင်က ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လိုရွေ့ချင်းအား တပ်ကို “နိုင်ငံရေးအရ တည်ဆောက်ခြင်း” ထက် စစ်ရေး လေ့ကျင့်ခြင်းကို ပိုမိုအလေးထား လုပ်ဆောင်ခြင်းဖြင့် မော်ကို ဆန့်ကျင်သည်ဟု စွပ်စွဲလေတော့သည်။ လိုနှင့်ပတ်သက်၍ စွပ်စွဲချက်များမှာ သံသယဖြစ်စရာ၊ ခိုင်လုံမှု မရှိသော်လည်း ပေါ်လစ်ဗျူရိုအတွင်း ဆွေးနွေးသည့်အခါ မော်က စုံစမ်းစစ်ဆေးရန် တွန်းအားပေးလေတော့သည်။ ထိုသို့ စုံစမ်းစစ်ဆေးပြီးသည့်နောက် လိုတွင် အပြစ်ရှိသည်ဟု ဆုံးဖြတ်ကာ ရှုတ်ချဝေဖန်ပြီး တာဝန်မှ ဖြုတ်ချလိုက်သည့်အပြင် အတင်းအကျပ် ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး လုပ်ခိုင်းလေရာ စိတ်လက်မချမ်းမသာဖြစ်မှုကို မခံနိုင်သည့်အဆုံး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားလေတော့သည်။ လိုရွေ့ချင်းကို ဖယ်ရှားလိုက်ခြင်းဖြင့် တပ်မတော်ကို မော်၏သစ္စာခံများက ထိန်းချုပ်လိုက်သည်။ ဖေဖော်ဝါရီ အကြမ်းဖျင်း လျာထားချက် (အော့ရွယ် ထီကန်း) လိုနှင့် ယန်ကို ဖြုတ်ချလိုက်ပြီးနောက် မော်က ဖုန်ကျင်းဆီသို့ ပြန်လည် အာရုံစိုက်လာသည်။ ၁၉၆၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ငါးဦးကော်မတီက “February Outline - ဖေဖော်ဝါရီ အကြမ်းဖျင်း လျာထားချက်” ဆိုသည်ကို ထုတ်ပြန်လိုက်သည်။ ပါတီဗဟိုက အတည်ပြုခဲ့သည့် အဆိုပါ “အကြမ်းဖျင်း လျာထားချက်” မှာ ဟိုင်ရွေ့ပကွမ်း ပြဇာတ်ကို အပြုသဘော ပညာရပ်ဆန်ဆန် သုံးသပ်ထားပြီး ဖုန်ကျင်းကို နိုင်ငံရေးအရှုပ်အထွေးများမှ ကတ္တားခြားပေးထားခြင်း ဖြစ်သည်။ သို့သော်လည်း ကျန်းချင်းနှင့် ယောင်ဝေယွင်တို့ကမူ ဝူဟန်နှင့် ဖုန်ကျင်းတို့အပေါ် ဝေဖန်ရှုတ်ချမှုကို ဆက်လက်ရေးသားခဲ့လေသည်။ ထိုသို့ရှိနေစဉ် မော်က ဖုန်ကျင်း၏ မဟာမိတ်ဖြစ်သူ ဝါဒဖြန့်ချိရေးဌာန ဒါရိုက်တာ လူတင်ယိကို ဖြုတ်လိုက်ပြန်သည်။ လူကို ဖြုတ်လိုက်ခြင်းက မော် ဘက်တော်သားများအနေဖြင့် ပုံနှိပ်ထုတ်ဝေရေးကို လုံးဝချုပ်ကိုင်လိုက်ခြင်း ဖြစ်လေသည်။ မော်က ဖုန်ကျင်းကို ထိုးနှက်ရန်အတွက် သူ၏ သစ္စာခံများ ဖြစ်ကြသော ခန်းစင်းနှင့် ချင်ပို့တတို့ကို ပေါလစ်ဗျူရိုအစည်းအဝေးတွင် စွဲချက်တင်စေသည်။ စွဲချက်တွင် ဖေဖော်ဝါရီ အောက်လိုင်း (ဖေဖော်ဝါရီ အကြမ်းဖျင်း လျာထားချက်) သည် ဖုန်ကျင်း၏ မော်ဆန့်ကျင်ရေး ပြန်လည်ပြင်ဆင်ရေးဝါဒ သက်သေခံတခု ဖြစ်သည်ဟု ဆိုလေသည်။ ထို့ပြင် အခြားသုံးယောက်နှင့်အတူ ဖုန်-လို-လူ-ယန် (ဖုန်ကျင်း၊ လိုရွေ့ချင်း၊ လူတင်ယိနှင့် ယန်စန်းခွန်း) တို့က ပါတီဆန့်ကျင်ရေး ဂိုဏ်းဂဏ ဖွဲ့သည်ဟု စွပ်စွဲလေသည်။ မေလ ၁၆ ရက်နေ့တွင် ပေါလစ်ဗျူရိုက တရားဝင် စာထုတ်လျက် ဖုန်ကျင်းနှင့် သူ၏ ပါတီဆန့်ကျင်ရေးဂိုဏ်း ဆိုသည်ကို ပြင်းထန်သော စကားလုံးများ သုံးလျက် ငါးဦးကော်မတီကို ဖျက်သိမ်းလိုက်ပြီး မော် သစ္စာခံများ ပါဝင်သော “ယဉ်ကျေးမှုတော်လှန်ရေးအုပ်စု” (ဝင်ကေး ကျီထွမ်) ဖြင့် အစားထိုးလိုက်လေသည်။ မေ ၁၆  အကြောင်းကြားချက် (ဝူရိလွတ် ထုံးကျီ) ၁၉၆၆ ခုနှစ် မေလ ၁၆ ရက်နေ့တွင် တိုးချဲ့ပေါလစ်ဗျူရို အစည်းအဝေးကို ပီကင်းတွင် ခေါ်လိုက်သည်။ အစည်းအဝေးက ပေါ်လစီလမ်းစဉ်ဆိုင်ရာ ပူးတွဲဆွေးနွေးပွဲ ဖြစ်သင့်သော်လည်း မော်၏ နိုင်ငံရေးအစီအစဉ်ကို ပေါလစ်ဗျူရိုအတွင်း ထောက်ခံမှု ရရှိစေရန် စည်းရုံးလှုံ့ဆော်သည့် လှုပ်ရှားမှုသာ ဖြစ်ခဲ့သည်။ အစည်းအဝေးတွင် မော်၏ နိုင်ငံရေးအမြင်ဖြစ်သည့် ပြဿနာများကို လူတန်းစားတိုက်ပွဲ အမြင်ဖြင့် ချဉ်းကပ် ပြောဆိုချက်များဖြင့် တန်ဆာဆင်လျက် မကြာခင်ကမှ အဖြုတ်ခံလိုက်ရသော ခေါင်းဆောင်များ ဖြစ်ကြသည့် ဖုန်ကျင်းနှင့် လိုရွေ့ချင်းတို့အပေါ် သေချာစွာ ပြင်ဆင်ထားသည့် ထိုးနှက်ချက်များဖြင့် တိုက်ခိုက်ရှုတ်ချလေသည်။ အဆိုပါ မေ ၁၆ ရက် ထုတ်ပြန်ချက်ကို မော်၏ ကြီးကြပ်မှုဖြင့် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး စာတန်းတနေရာတွင်…. “ပါတီ၊ အစိုးရ၊ တပ်မတော်နဲ့ ယဉ်ကျေးမှုနယ်ပယ် အသီးသီးထဲကို ခိုးဝင်လာခဲ့ကြတဲ့ အရင်းရှင် ဘူဇွာလူတန်းစားရဲ့ ကိုယ်စားလှယ်တွေဟာ တန်ပြန်တော်လှန်ရေး ပြန်လည် ပြင်ဆင်ရေးသမားတွေ ဖြစ်တယ်။ အခြေအနေတွေ ရင့်မှည့်တာနဲ့ သူတို့ဟာ နိုင်ငံရေးအာဏာကို သိမ်းယူပြီး ပစ္စည်းမဲ့ အာဏာရှင်စနစ်ကို အရင်းရှင် အာဏာရှင်စနစ်အဖြစ် ပြောင်းလဲပစ်မှာ ဖြစ်တယ်။ သူတို့ထဲက တချို့ကို ကျနော်တို့ တွေ့မြင်ကြရပြီ ဖြစ်ပေမယ့် တချို့ကိုတော့ မတွေ့မြင်ရသေးဘူး။ တချို့ကို ကျနော်တို့က ယုံကြည်နေဆဲဖြစ်ပြီး ကျနော်တို့ရဲ့ ဆက်ခံသူများအဖြစ် လေ့ကျင့်ပေးနေတုန်းပဲ။ ဥပမာအားဖြင့် ကရုရှက်ဖ်လို ကျနော်တို့နံဘေးမှာ လုံလုံခြုံခြုံ ပုန်းခိုနေသေးတဲ့လူတွေ ရှိနေတယ်”  ဟု ဆိုလေသည်။ အများက မေ ၁၆ အကြောင်းကြားချက် (ဝူရိလွတ် ထုံကျီ) ဟု ခေါ်တွင်ခဲ့သည့် အဆိုပါစာတန်းမှာ ယဉ်ကျေးမှုတော်လှန်ရေးအတွက် မော်၏ ဒဿနဆိုင်ရာ အကဲဖြတ်ချက် အနှစ်ချုပ်ပင် ဖြစ်သည်။ ကွန်မြူနစ်ပါတီအတွင်းမှာပင်လျှင် ကွန်မြူနစ်အရေးတော်ပုံ၏ ရန်သူများ ရှိနေကြောင်း အတိအလင်း ထောက်ပြထားသည်။ အဆိုပါရန်သူများသည် အလံနီကို ဆန့်ကျင်ရန် အလံနီကို ဝှေ့ယမ်းနေကြကြောင်း၊ သူတို့ကို ရှာဖွေဖော်ထုတ်ရန်မှာ မော်စီတုံး အတွေးအခေါ် အဝေးကြည့်မှန်ပြောင်း၊ အဏုကြည့်မှန်ပြောင်းတို့ကို သုံးရမည် ဖြစ်သည်ဟု ဆိုလေသည်။ မော်၏ ယေဘုယျ နိုင်ငံရေးအစီအစဉ်ကို ပါတီခေါင်းဆောင်မှုက စည်းလုံးညီညွတ်စွာဖြင့် အတည်ပြုခဲ့သည့် တချိန်တည်းမှာပင် ပေါလစ်ဗျူရို အဖွဲ့ဝင် အတော်များများမှာ စိတ်ပါလက်ပါ မရှိကြသလို လှုပ်ရှားမှု၏ ဦးတည်ချက်ကိုလည်း ရှင်းရှင်းလင်းလင်း နားမလည်ကြချေ။ ဖုန်ကျင်းကဲ့သို့သော ပါတီ၏ ထိပ်တန်းခေါင်းဆောင်ကို ထိုးနှက်တိုက်ခိုက်ခံလိုက်ရခြင်းက တရုတ်ပညာတတ် လူတန်းစားအသိုင်းအဝိုင်းနှင့် ကွန်မြူနစ်မဟုတ်သော နိုင်ငံရေးပါတီ ၈ ပါတီ၏ ပါတီဝင်များအကြား သတိပေး ခေါင်းလောင်းထိုးလိုက်သလို ဖြစ်သွားလေသည်။ စောစောပိုင်း လူထုချီတက်ပွဲများ ဖုန်ကျင်းကို ဖြုတ်ထုတ်လိုက်ပြီးသည့်နောက် ပီကင်းပါတီကော်မတီသည် လုပ်ငန်းဆောင်တာများကို ထိရောက်စွာ ထိန်းချုပ်လိုက်ပြီး မြို့တော်ကို ဖရိုဖရဲ ဖြစ်စေရန် လမ်းဖွင့်ပေးလိုက်သည်။ မေလ ၂၅ ရက်နေ့တွင် မော်၏သစ္စာခံ ခန်းစင်း၏ဇနီး “ဆောက်ယို” ၏ လမ်းညွှန်မှုဖြင့် ပီကင်းတက္ကသိုလ် ဒဿနိကဗေဒကထိက “နိယွမ်ဇီ” က စာလုံးကြီး ပိုစတာ (တာ့စစ်ပေါက်) များကို အခြားသော လက်ဝဲသမားများနှင့်အတူ ရေးသား၍ လူထုသတင်းစာစဉ်များ ထုတ်ဝေဖြန့်ချိလေသည်။ နီယွမ်ဇီက တက္ကသိုလ်၏ ပါတီအုပ်ချုပ်ရေးနှင့် ၎င်း၏တာဝန်ခံ “လုဖျင်” ကို ဝေဖန်တိုက်ခိုက်သည်။ နီက တက္ကသိုလ်ခေါင်းဆောင်မှုသည် ဖုန်ကျင်းကဲ့သို့ပင် ပါတီကို ဆန့်ကျင်ပြီး ပြန်လည်ပြင်ဆင်ရေးဝါဒကို တက်လှမ်းရန်အတွက် ယဉ်ကျေးမှုတော်လှန်ရေး အရှိန်အဟုန်ကို ငြှိမ်းသတ်ရန် ကြိုးစားကြောင်း ဒေါက်ဖြုတ်လေသည်။ မော်က ချက်ချင်းလိုလိုပင် နီယွမ်ဇီ၏ စာလုံးကြီးပိုစတာကို တရုတ်ပြည်၏ ပထမဦးဆုံး မာ့က်စ်ဝါဒ ပိုစတာကြီး ဖြစ်ကြောင်း အားပေးအားမြှောက်ပြုလေသည်။ မော်၏ အတည်ပြုချက် ရရှိလိုက်သော နီ၏တိုက်ပွဲခေါ်သံသည် ယခုအခါ တရုတ် ပညာရေးနယ်ပယ်အားလုံးသို့ ဂယက်ရိုက် လှိုင်းတံပိုးထသွားလေသည်။ နယ်မြေဒေသ အသီးသီးရှိ ကျောင်းသားများသည် သက်ဆိုင်ရာ ကျောင်းအုပ်ချုပ်မှုအသီးသီးကို ပုန်ကန်ထကြွကြသည်။ ပီကင်းရှိ မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းများကို ချက်ချင်းလိုလို ပိတ်ပစ်လိုက်ပြီး ဇွန်လ ၁၃ ရက်နေ့ ဆုံးဖြတ်ချက်အရ တပြည်လုံးရှိ စာသင်ခန်းများကို ပိတ်လိုက်ကြတော့သည်။ ဇွန်လအစောပိုင်းတွင် ဆန္ဒပြသူ လူငယ် အုပ်စုများသည် မြို့တော်၏ အဓိကလမ်းမကြီးများပေါ်တွင် မော်၏ ရုပ်ပုံကားချပ်ကြီးများကို ကိုင်ဆောင်ကာ ဒရမ်များကို တီးရင်း မော်၏ရန်သူများကို ဆန့်ကျင်သည့် ကြွေးကြော်သံများကို အော်ဟစ်ရင်း ချီတက်ဆန္ဒပြကြလေသည်။ ဇွန်လအစောပိုင်းတွင် ဖုန်ကျင်းနှင့် ပီကင်းမြူနီစီပါယ်ပါတီ ခေါင်းဆောင်မှုကို ဖြုတ်ချလိုက်သည့်အကြောင်း လူသိရှင်ကြား ဖြစ်သွားလေရာ ဇဝေဇဝါ စိတ်ရှုပ်ထွေးမှုများ အနှံ့အပြား ဖြစ်ပေါ်လာသည်။ ပြည်သူလူထုနှင့် နိုင်ငံခြား လေ့လာအကဲခတ်သူများမှာ ဖုန်ကျင်း ဘာကြောင့် ဖြုတ်ချခံလိုက်ရသည်ကို အသေအချာ မသိကြပေ။ အုပ်ချုပ်ရေးယန္တရားကို ဆန့်ကျင်ဆန္ဒပြ လှုပ်ရှားမှုများ လှိုင်းလုံးပမာ ထကြွလာမှုက ပါတီထိပ်တန်း ခေါင်းဆောင်တချို့ကိုပင်လျှင် အငိုက်မိသွားစေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားလေတော့သည်။ ဟန်ကျိုးမြို့တွင် လျူရှောက်ချီနှင့် တိန့်ရှောက်ဖျင်တို့သည် မော်၏လမ်းညွှန်ချက်ကို ရယူလျက် အတွေးအခေါ် လမ်းညွှန်မှုပေးနိုင်သည့် ကေဒါများ ပါဝင်သော အလုပ်အဖွဲ့များ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအဖွဲ့များကို စာသင်ကျောင်းများနှင့် ပြည်သူ့နေ့စဉ်သတင်းစာတိုက်သို့ စေလွှတ်ကာ တည်ငြိမ်မှုတစုံတရာ ပြန်ရအောင်နှင့် ပါတီ၏ ထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိရန် ကြိုးစားခဲ့ကြသည်။ အလုပ်အဖွဲ့များကို လျင်မြန်စွာ စေလွှတ်လိုက်ရသော်လည်း ကျောင်းသားများ၏ ခံစားချက်ကို ကောင်းစွာနားမလည်ကြချေ။ ၁၉၅၀ ပြည့်နှစ်များအတွင်းက ပညာတတ်များကို ပစ်မှတ်ထားခဲ့သည့် နိုင်ငံရေးလှုပ်ရှားမှုများနှင့်မတူဘဲ ယခုလှုပ်ရှားမှုသစ်မှာ အထိုင်ကျပြီးသော ပါတီ၏ ကေဒါယန္တရားကို ပစ်မှတ်ထားခြင်း ဖြစ်သည်။ ထိုကေဒါအများစုမှာ ယခုစေလွှတ်လိုက်သော အလုပ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ပါဝင်နေသည်။ အကျိုးဆက်အားဖြင့် အလုပ်အဖွဲ့များအပေါ် သံသယများ တိုးပွားလာပြီး အခြားသောအဖွဲ့၏ ဦးတည်ပစ်မှတ် ဖြစ်လာရလေသည်။ သို့ဖြင့် ပါတီခေါင်းဆောင်မှုသည် အလုပ်အဖွဲ့များ ဆက်လက်စေလွှတ်ရေးနှင့် ပတ်သက်၍ သဘောထားကွဲကြလေသည်။ လျူရှောက်ချီက အလုပ်အဖွဲ့များ ဆက်လက်ပါဝင်စေလိုပြီး လှုပ်ရှားမှုကို ထိန်းမနိုင် သိမ်းမရ ဖြစ်ကုန်မည် စိုးသဖြင့် လှုပ်ရှားမှုအတွင်းမှ အစွန်းရောက်လွန်းသူများကို နှိမ်နင်းလိုသည်။ ယန်စီမြစ်ကို လက်ပစ်ကူးပြသည့် မော်စီတုံး အသက် ၇၂ နှစ်ရှိပြီဖြစ်သော မော်စီတုံးသည် မီဒီယာများ လိုက်ပါလျက် ၁၉၆၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဝူဟန်မြို့အနီး ယန်စီမြစ်ကို လက်ပစ်ကူးပြခြင်းဖြင့် “ငါ မအိုသေး” ကြောင်း ပြသပြီး တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြောင်းကို ဖော်ပြခဲ့သည်။ ထိုနေ့က စောင့်ကြည့်သူ ထောင်သောင်းရှေ့မှောက်တွင် ယန်စီမြစ်အတွင်း တနာရီကျော်မျှ ရေကူးပြခဲ့သည်။ ထိုသို့ လုပ်ဆောင်ပြခြင်းဖြင့် သူ၏ရည်ရွယ်ချက်ကို လူငယ်များအကြားတွင် ပျံ့နှံ့ရောက်ရှိသွားစေရန် ဦးတည်လျက် “လှိုင်းကြီးလေထန်နေတဲ့ကြားက ဥက္ကဋ္ဌကြီး မော်နဲ့အတူ ရှေ့သို့ ချီတက်ကြ” ဆိုသည့် ကြွေးကြော်သံကို သတင်းစာတွင်လည်းကောင်း၊ လောက်စပီကာများဖြင့်လည်းကောင်း အကြီးအကျယ် ကြွေးကြော်စေခဲ့သည်။ ထို့နောက် မော်က ပီကင်းသို့ ပြန်လာခဲ့ပြီး ပါတီခေါင်းဆောင်မှုက အလုပ်အဖွဲ့ကိစ္စကို ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ဝေဖန်လေသည်။ မော်က အလုပ်အဖွဲ့များသည် ကျောင်းသားလှုပ်ရှားမှုကို ဖျက်ဆီးနေသည်ဟု စွပ်စွဲပြီး အလုပ်အဖွဲ့များ အားလုံး ဇူလိုင် ၂၄ ရက်နေ့တွင် လုံးဝရုပ်သိမ်းပေးရန် အမိန့်ပေးလေသည်။ ရက်ပေါင်းများစွာကြာပြီးသည့်နောက် ပီကင်း ပြည်သူ့ခန်းမဆောင်ကြီးသို့ လူထုချီတက်ပွဲပြုလုပ်ပြီး တက္ကသိုလ်နှင့် အထက်တန်းကျောင်း ဆရာများနှင့် ကျောင်းသားများသို့ လှုပ်ရှားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်နှင့် ခြေလှမ်းသစ်ကို ကြေညာလေသည်။ လူထုချီတက်ပွဲတွင် မော်ဘက်တော်သား ပါတီခေါင်းဆောင်များက လူထုကို ပြောကြားရာတွင် မကြောက်ရွံ့ကြရန်နှင့် သတ္တိရှိရှိ မိမိတို့ဘာသာ လှုပ်ရှားကြရန်၊ ပါတီ၏ ဝင်ရောက်စွက်ဖက်မှု မခံကြရန် တိုက်တွန်းဆော်သြလေသည်။ ရဲထွန်း (သီပေါ) ကိုးကား - Wikipedia               - Jung Chang နှင့် Jon Halliday ပူးတွဲရေးသားသော The Unknown Story of Mao
3 years Ago

February 22, 2018

ဖက်ဒရယ်စနစ်နှင့် အချုပ်အခြာအာဏာ

အစက ဤအကြောင်းကို မရေးတော့ဟု ဆုံးဖြတ်ထားမိသည်။ အစကဆိုသည်မှာ ရသေ့တောင်မြို့တွင်၊ ဒေါက်တာအေးမောင် ဟောပြောခဲ့သည်များနှင့် ပတ်သက်ပြီး ဖမ်းဆီး တရားစွဲဆိုရာ ဟောပြောချက်မှာပါသည့် “အချုပ်အခြာအာဏာ” ဆိုသည်နှင့်ပတ်သက်၍ ဘဝင်မကျမိချိန်က ဖြစ်သည်။ ထိုဟောပြောပွဲတွင် သူက အချုပ်အခြာအာဏာဆိုသည့် ဝေါဟာရကို နေရာတချို့တွင် ထည့်သွင်းပြောဆိုသွားသည်။ ဟောပြောပွဲပြုလုပ်သည့် ခေါင်းစဉ်မှာ “နှစ်ပေါင်း (၂၃၃) နှစ် အချုပ်အခြာအာဏာ ကျဆုံးတဲ့နေ့” အကြောင်းဖြစ်ပြီး သက္ကရာဇ် ၁၇၈၅ ခုနှစ်က ရခိုင်ကို မြန်မာဘုရင် ဘိုးတော်ဘုရားက တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် အချိန်ကာလကို ရည်ညွှန်းသည်။ “အဲဒါကြောင့် ကျနော်တို့က... (၂၃၃) နှစ် ... နောက်နှစ်ဆိုရင် (၂၃၄) နှစ်... ရောက်တိုင်း ရောက်တိုင်းမှာ ပြန်ပြီးတော့ ငါတို့ အချုပ်အခြာ အာဏာကို ဘယ်လိုရမှာလဲ...။ ဒီလိုစိတ်မျိုး မွေးဖို့လိုတဲ့အခါမှာ ... အခုနက ကျနော်တို့ တင်ပြတဲ့အတိုင်း တော်လှန်ရေး၊ လက်နက်ကိုင်ရင် လက်နက်ကိုင်တော်လှန်ရေး၊ လူထုကိုစည်းရုံးရင် လူထုနည်းနဲ့ ဗဟိုပြုတဲ့ နိုင်ငံရေး၊ အားလုံးရဲ့ပန်းတိုင်ဟာ အခု အချုပ်အခြာအာဏာကို ဘယ်လိုပြန်ရမှာလဲ၊ တနည်းအားဖြင့် ကျနော်တို့၏ အုပ်ချုပ်ရေးယန္တရား အာဏာကို ဘယ်လိုပြန်ရမှာလဲ၊ ဆိုတဲ့နည်းမှာ သွားပြီး ဦးတိုက်ပါတယ်။ အဲဒါကြောင့် အာဏာကို ရမယ့်နည်းပေါင်းစုံနဲ့ ကျနော်တို့ လူထုကို စည်းရုံးတယ်... လက်နက်ကိုင် တွန်းလှန်တယ်... အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲတယ်... ဆိုတာ အားလုံးသည်... ရည်မှန်းချက် ပန်းတိုင်တခုကို သွားနေတယ်ဆိုတဲ့ သဘောတရား”  စသဖြင့် ပြောဆိုခဲ့ရာ…. အချုပ်အခြာအာဏာကို ပြန်လည်ရရှိအောင် ဆောင်ရွက်မည် ဆိုသည်က မည်သို့ အဓိပ္ပာယ်သက်ရောက်သွားသနည်း၊ အစိုးရကို လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည့် လူနည်းစု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရော၊ လူနည်းစု တိုင်းရင်းသား နိုင်ငံရေးပါတီများပါ၊ ခွဲထွက်ရေးကိုမပြောဘဲ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို လိုလားပါသည်ဟု ပြောနေကြလေရာ၊ အဆိုပါ ဖက်ဒရယ်နိုင်ငံရေးစနစ်တွင် ပါဝင်သည့် ပြည်နယ်အစိုးရများ၊ တိုင်းဒေသကြီး အစိုးရများတို့တွင်လည်း အချုပ်အခြာ အာဏာရှိသည်ဟု ဒေါက်တာအေးမောင်က နားလည်ထားသလား၊ သို့မဟုတ် ခွဲထွက်မည်၊ သီးခြားတိုင်းပြည် ထူထောင်မည်ဟု တည့်တည့်ဆိုလိုသလား စသဖြင့် တွေးတောနေမိခဲ့သည်။ သို့သော် မိမိအမြင်ကို ဆောင်းပါးအဖြစ် ရေးလိုက်လျှင် တရားစွဲဆိုခံနေရသော ဒေါက်တာအေးမောင်အတွက် လဲနေသူကို ဖိထောင်းသလိုများ ဖြစ်သွားလေမလားဟု ယူဆမိ၍ မရေးတော့ဟု စိတ်ကူးမိသည်။ ထိုသို့နေရင်းမှ သမိုင်းပါမောက္ခ(ငြိမ်း) ဒေါက်တာကျော်ဝင်း ရေးသည့် “ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ခြင်း ဆိုသည့် စာအုပ် စာမျက်နှာ ၁၄ ပါ၊ “ပြည်ထောင်စု ခေါ် ဖက်ဒရယ်ပုံစံ ဆိုသည်မှာ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော နိုင်ငံများ တန်းတူရည်တူ၊ ဆန္ဒအလျောက် ပူးပေါင်းဖွဲ့စည်းကာ ဗဟိုပြည်ထောင်စုနှင့် ပြည်နယ်များအကြား၊ အာဏာနှင့် အခွင့်အရေးများ အတိအကျ ခွဲဝေပေးထားသောစနစ် ဖြစ်သည်” ဆိုသည့် စာပိုဒ်ကို ဖတ်လိုက်ရသည့်အခါတွင် ဤဆောင်းပါးကို ရေးသားရန် ဆုံးဖြတ်ချက်ချလိုက်မိတော့သည်။ အချုပ်အခြာအာဏာ ဆိုသည်မှာ အွန်လိုင်းစွယ်စုံကျမ်းဖြစ်သော Wikipedia တွင် (sovereign state) အချုပ်အခြာအာဏာပိုင်နိုင်ငံ ဆိုသည်ကို ဤသို့ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ A sovereign state is, in international law, a nonphysical juridical entity that is represented by one centralized government that has sovereignty over a geographic area. International law defines sovereign states as having a permanent population, defined territory, one government, and the capacity to enter into relations with other sovereign states.[1] It is also normally understood that a sovereign state is neither dependent on nor subjected to any other power or state.[2] “အချုပ်အခြာအာဏာပိုင်နိုင်ငံတခု ဆိုသည်မှာ နိုင်ငံတကာဥပဒေအရဆိုလျှင် ပထဝီနယ်မြေဒေသတခုအပေါ်တွင် အချုပ်အခြာအာဏာ ပိုင်စိုး၍ ဗဟိုချုပ်ကိုင်မှုရှိသည့် အစိုးရတရပ်က ကိုယ်စားပြုသော အုပ်ချုပ်ရေးဆိုင်ရာ အဝန်းအဝိုင်းကို ဆိုသည်။ နိုင်ငံတကာဥပဒေက အချုပ်အခြာအာဏာပိုင်နိုင်ငံ ဆိုသည်ကို တည်ငြိမ်သော လူဦးရေ၊ သတ်မှတ်ထားသည့် နယ်မြေဒေသနှင့် အစိုးရတရပ်တို့ရှိပြီး တခြားသော အချုပ်အခြာအာဏာပိုင် နိုင်ငံများနှင့် ပေါင်းသင်းဆက်ဆံနိုင်သည့် အရည်အချင်းရှိခြင်းဟု သတ်မှတ်သည်။ ထို့ပြင် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဆိုသည်မှာ တခြားသော အင်အား (သို့မဟုတ်) နိုင်ငံကို မှီခိုခြင်း၊ လက်အောက်ခံဖြစ်ခြင်း မရှိသည့်နိုင်ငံဟု ယေဘုယျအားဖြင့် နားလည်နိုင်သည်။” ဟု ဆိုထားပေရာ နိုင်ငံတနိုင်ငံအတွင်းတွင် အချုပ်အခြာအာဏာပိုင် အစိုးရတရပ်သာ ရှိရမည်မှာ ထင်ရှားလေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) ပုဒ်မ ၁။ တွင်…. မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံ ဖြစ်သည်။ (Myanmar is an independent sovereign Nation. ) ဟု ပြဋ္ဌာန်းထားသည်။ ယခု ၂၀၁၈ ခုနှစ်စာရင်းအရ ကမ္ဘာပေါ်တွင်၊ မြန်မာနိုင်ငံ အပါအဝင် အချုပ်အခြာအာဏာပိုင် နိုင်ငံပေါင်း ၂၀၄ နိုင်ငံနှင့် အချုပ်အခြာအာဏာ မပိုင်သော လွတ်လပ်စွာ ဖွဲ့စည်းထားသည့်နယ်မြေ (ဟောင်ကောင်၊ မကာအို စသည်တို့ကဲ့သို့) ၇၃ နယ် ရှိသည်။ အဆိုပါ အချုပ်အခြာအာဏာပိုင် ၂၀၄ နိုင်ငံစာရင်းတွင် အမေရိကန်ပြည်ထောင်စုမှ ပြည်နယ် ၅၀ ၏ အမည်စာရင်း မပါဝင်သကဲ့သို့ ကနေဒါ၊ ဂျာမနီ၊ အိန္ဒိယ စသည့် ဖက်ဒရယ်နိုင်ငံများမှ ပြည်နယ်များစာရင်းလည်း မပါဝင်ချေ။ သို့ဖြစ်လေရာ ဖက်ဒရယ်နိုင်ငံရေးစနစ်တခုအတွင်း ပါဝင်သည့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်ထောင်စုနယ်မြေများကို အချုပ်အခြာအာဏာပိုင်နိုင်ငံများဟု မသတ်မှတ်သည်မှာ ထင်ရှားပါသည်။ ဖက်ဒရယ်နိုင်ငံရေးစနစ် ယခုအခါ ကမ္ဘာ့နိုင်ငံအတော်များများတွင် တနိုင်ငံချင်းစီ၏ မတူကွဲပြားသော သမိုင်းရေး အချက်အလက်များနှင့် ဖြတ်သန်းမှုများအလျောက် သင့်တော်ရာပုံစံများဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးလျက်ရှိကြရာ ကမ္ဘာ့နိုင်ငံကြီးများဖြစ်ကြသည့် ရုရှား၊ အမေရိကန်၊ ဘရာဇီး၊ ကနေဒါ၊ သြစတြေးလျ၊ အိန္ဒိယတို့အပြင် အသေးငယ်ဆုံးသောနိုင်ငံများ ဖြစ်ကြသည့် ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နှင့် ကာရစ်ဗီယန် ပင်လယ်တွင်းမှ (Saint Kitts and Nevis) စိန့်ကစ်နှင့် နီးဗစ် စသည့်နိုင်ငံများ အပါအဝင် ၂၇ နိုင်ငံ (၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ) ရှိပြီဟု ဆိုပါသည်။ ကျင့်သုံးသည့်ပုံစံများမှာလည်း တနိုင်ငံနှင့် တနိုင်ငံ အပ်ချမတ်ချ တူညီကြသည် မဟုတ်ချေ။ သို့ဖြစ်လေရာ “ဖက်ဒရယ်စနစ်ဆိုသည်မှာ ဘာလဲ” ဆိုသည်ကို နားလည် သဘောပေါက်ရန် အရေးကြီးလာသည်။ ကနေဒါနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဆာဂျွန်အေ မက္ကဒေါ်နယ်က ဖက်ဒရယ်စနစ်ကို အဓိပ္ပာယ်ဖွင့် ပြောကြားခဲ့ရာ ရှင်းရှင်းလင်းလင်း ရှိလှသည်။ “ဒေသဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရန် ‘ဒေသဆိုင်ရာ အစိုးရများနှင့် ဥပဒေပြုအဖွဲ့အစည်းများ ပါဝင်ပြီး’၊ တနိုင်ငံလုံးဆိုင်ရာ ကိစ္စများကို ဖြေရှင်းရန် အမျိုးသား အစိုးရတရပ်နှင့် ဥပဒေပြုအဖွဲ့အစည်း” တို့ ပါဝင်ပေါင်းစပ်ထားသည့်စနစ် ဖြစ်သည်ဟု ဆိုလေသည်။ နိုင်ငံအသီးသီးတွင် ဖက်ဒရယ်စနစ်ကို မတူသော ဒီဂရီအမျိုးမျိုးဖြင့် ကျင့်သုံးနေကြသော်လည်း အဓိကကျသည့်အချက်မှာ အာဏာခွဲဝေမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ကျင့်သုံးမှု ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အာမခံသည့်အရာ အာဏာခွဲဝေမှုဆိုသည်မှာ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာကို ဗဟိုနှင့် ဒေသဆိုင်ရာ အာဏာခွဲဝေမှုနှင့်အကြား ခွဲဝေကျင့်သုံးခြင်း ဖြစ်သည်။ နိုင်ငံတခုလုံးကို အုပ်ချုပ်သည့် ဗဟိုအစိုးရအာဏာနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် အုပ်ချုပ်သည့် အာဏာတို့အကြား မည်သို့ ခွဲဝေထားသနည်း ဆိုခြင်းပင် ဖြစ်သည်။ တချို့သော နိုင်ငံများတွင် နှစ်ဆင့်မက သုံးဆင့်မျှ ခွဲခြားထားသည်လည်း ရှိသည်။ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုသည်မှာကား အဆိုပါ ခွဲဝေထားသော အာဏာများကို မိမိတို့ဒေသအတွက် အကောင်းဆုံးဟု ယုံကြည်ယူဆသည့်အတိုင်း စွက်ဖက်မှုမရှိ လွတ်လပ်စွာ ဆုံးဖြတ်ချက်ချ၊ လုပ်ပိုင်ခွင့်ရှိရေးပင် ဖြစ်သည်။ တချိန်တည်းမှာပင် ၎င်းတို့အနေဖြင့် နိုင်ငံတခုလုံး၏ အစိတ်အပိုင်းဖြစ်သည်ကို သိရှိနားလည်ရမည်ဖြစ်ပြီး တနိုင်ငံလုံးနှင့်ဆိုင်သည့် ဥပဒေများကို ရိုသေလိုက်နာရန် လိုအပ်သည်။ သဘောထားချင်း မတိုက်ဆိုင် ငြင်းခုံမှုများမှာ ဤကိုယ်ပိုင်အုပ်ချုပ်သည့်ကိစ္စမှ ထွက်ပေါ်လာလေ့ရှိသည်။ မည်သည့်အရာများက ဒေသဆိုင်ရာတို့၏ တာဝန်ဝတ္တရားများ ဖြစ်၍ မည်သည့်အရာများက ဗဟိုအစိုးရ၏ ချုပ်ကိုင်မှုအောက်တွင် ရှိသင့်သည်ဆိုသော ကိစ္စများနှင့်ပတ်သက်၍ အငြင်းပွားရတတ်သည်။ သို့ဖြစ်၍ အာဏာခွဲဝေမှု၊ ကိုယ်ပိုင်အုပ်ချုပ်မှုတို့နှင့် ပတ်သက်လျှင် တိကျသေချာမှု ရှိစေရန် ရေးသားထားသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အာမခံကြရသည်။ ဖက်ဒရယ်နိုင်ငံရေးစနစ်နှင့်ပတ်သက်၍ ဝီကီပီဒီယား အွန်လိုင်းစွယ်စုံကျမ်းတွင်… “အခြေခံဖက်ဒရယ်စနစ်၏ ကျယ်ပြန့်သော အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဆိုရလျှင် တည်ထောင်ထားသော နယ်မြေတခုအတွင်း အဆင့်နှစ်ဆင့် သို့မဟုတ် နှစ်ဆင့်ထက် ပိုသော အစိုးရများ ပါဝင်သောစနစ် ဖြစ်သည်။ ထိုအစိုးရများသည် အခြေခံဥပဒေတရပ်ဖြင့် ပြဋ္ဌာန်းထားသော ထပ်တူ သို့မဟုတ် ခွဲဝေထားသော အာဏာများကို ဘုံအင်စတီကျူးရှင်းများဖြင့် စီမံအုပ်ချုပ်သည်။ ဖက်ဒရယ်အစိုးရသည် အချုပ်အခြာအာဏာပိုင် နိုင်ငံအဆင့် အစိုးရ ဖြစ်သည်။” ဟု ဖွင့်ဆိုထားချက်အရ ကြည့်လျှင် ဒေါက်တာကျော်ဝင်း၏ စာအုပ်ပါ ဖက်ဒရယ်စနစ်နှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ လွဲမှားနေကြောင်း သိနိုင်ပါသည်။ သို့ဖြစ်ရာ ဖက်ဒရယ်နိုင်ငံရေးစနစ်တွင် အစိုးရတရပ်မက ရှိနိုင်သော်လည်း ဗဟိုအစိုးရ သို့မဟုတ် ပြည်ထောင်စုအစိုးရတွင်သာ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ကိုယ်စားပြုနိုင်ပြီး ကျန်သော ဒေသဆိုင်ရာ အစိုးရများအနေဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ကိုယ်စားမပြုနိုင်ကြောင်း ထင်ရှားလှပေသည်။ ရဲထွန်း (သီပေါ)
3 years Ago
More News
Up