ရဲတပ်ရင်း ၁၆

October 10, 2020

စစ်ကိုင်းမြို့ ရဲတပ်ရင်း ၁၆ က ကိုဗစ်လူနာ ၇ ဦး ရောဂါသက်သာ၍ ဆေးရုံဆင်း

စစ်ကိုင်းမြို့၊ စစ်ကိုင်း ခုတင် ၂၀၀ ဆေးရုံမှာ ဆေးကုမှုခံယူနေတဲ့  ရဲတပ်ရင်း အမှတ် ၁၆ က ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦးဟာ ရောဂါသက်သာသွားတာကြောင့် အောက်တိုဘာ ၁၀ ရက်နေ့ မနက်ပိုင်းက ဆေးရုံဆင်းသွားပြီလို့ စစ်ကိုင်းဆေးရုံကြီး တာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။ စစ်ကိုင်းဆေးရုံအုပ်ကြီး ဒေါ်စုစုထွန်းက “ရဲတပ်ရင်း ၁၆ က ပိုးတွေ့လူနာ ၇ ဦးဟာ ကျမတို့ဆေးရုံမှာ စက်တင်ဘာ ၃၀ ရက်နေ့က စပြီး ဆေးကုသခံယူခဲ့ပါတယ်။ သူတို့ကို စောင့်ကြည့်တဲ့ ရက်ကလည်း ပြည့်သွားပြီ။ ဆေးဆက်စစ်ကြည့်တော့လည်း အဖြေက Negative ဖြစ်တယ်။ အဲဒါကြောင့် သူတို့ကို ဆေးရုံဆင်းခွင့်ပြုလိုက်တယ်။ ဆေးရုံဆင်းသွားလို့ သူတို့တပ်ရင်းရောက်တဲ့အခါမှာလည်း Home Quarantine ၇ ရက် ထပ်နေရဦးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ရဲတပ်သား ၇ ဦးကို စစ်ကိုင်းခုတင် ၂၀၀ ဆေးရုံကနေ စစ်ကိုင်း မုံရွာလမ်းဘေး အမှတ် (၁၆) ရဲတပ်ရင်းကို စစ်ကိုင်းမြို့နယ် ကြက်ခြေနီအဖွဲ့၊ သုခကာရီ လူမှုကူညီရေးအသင်း၊ အိုးဘို Rescue၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်းတို့က လိုက်လံပို့ဆောင်ကူညီပေးခဲ့တယ်လို့ ခရိုင် ကြက်‌ခြေနီတပ်ဖွဲ့မှူး ဦးမြင့်သိန်းထွန်းက ပြောပါတယ်။ စစ်ကိုင်းမြို့နယ်မှာ စက်တင်ဘာ ၂၄ ရက်နေ့က အုန်းတောနဲ့ ချောင်းပေါက်ကျေးရွာက ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး၊ စက်တင်ဘာ ၃၀ ရက်‌နေ့က ရဲတပ်ရင်း ၁၆ က ကိုဗစ်-၁၉ အတည်ပြုလူနာအမျိုးသား ၇ ဦး၊ အောက်တိုဘာ ၅ ရက်နေ့က ‌နှစ် ၇၀၀ ကွင်းမှာ ကားသမားတွေကို ကိုဗစ် စစ်ဆေးစဉ်က ပိုးတွေ့ရှိခဲ့တဲ့ အမျိုးသား ၁ ဦး၊ စုစုပေါင်း ပိုးတွေ့လူနာ ၁၀ ဦးသာ ရှိပါတယ်။ စစ်ကိုင်း ဆေးရုံကြီးက အတည်ပြုလူနာ ၁၀ ဦးထဲမှာ ရောဂါသက်သာသွားလို့ ဒီနေ့ဆေးရုံက ဆင်းသွားတဲ့ ၇ ဦး အပါအဝင် ၉ ဦးရှိပြီလို့ သိရပါတယ်။ သတင်း - ရဲနိုင်ဆွေ
7 months Ago
Up