ရဲတပ်ဖွဲ့ ဖမ်းဆီး

November 17, 2020

ဘဲလာရုစ်တွင် ဆန္ဒပြသူ ၁၅၀ နီးပါးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ဘဲလာရုစ်နိုင်ငံ၊ မင့်ခ်စ်မြို့မှာ သမ္မတ အလက်ဇန်းဒါးလူကာရှန်ကို ကို ဆန့်ကျင် ဆန္ဒပြနေတဲ့ လူ ၁၅၀ နီးပါးကို ရဲတွေက နိုဝင်ဘာ ၁၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ မီဒီယာအတော်များများက ပြောပါတယ်။ ရဲတွေက ရာဘာကျည်ဆန်တွေနဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေက ပြောပါတယ်။ ရုရှားအခြေစိုက် အင်တာဖက်စ်သတင်းဌာနကတော့ ရဲတွေက လူအုပ်ကို ဖြိုခွဲဖို့ ပွတ်ရှ်ကင်စကာယာ မြေအောက်ဘူတာနားမှာ မျက်ရည်ယိုဓာတ်ငွေ့တွေ သုံးခဲ့တယ်လို့ ပြောပါတယ်။ မြို့ပေါ်မှာ  မိုဘိုင်းအင်တာနက်တွေ လိုင်းကျသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သြဂုတ်လ ရွေးကောက်ပွဲပြီးတည်းက ဘဲလာရုစ်နိုင်ငံရဲ့ လမ်းတွေပေါ်မှာ ထောင်သောင်းချီတဲ့ ပြည်သူတွေ ဆန္ဒပြနေပြီး သမ္မတ လူကာရှန်ကိုရဲ့ ၂၆ နှစ်ကြာ အာဏာသက်တမ်း အဆုံးသတ် နုတ်ထွက်ဖို့ တောင်းဆိုနေကြပါတယ်။ ရွေးကောက်ပွဲမှာ လူကာရှန်ကို အနိုင်ရဖို့ အကြံအဖန် လုပ်ထားတယ်ဆိုတဲ့ အတိုက်အခံတွေရဲ့  စွဲချက်ကို သူက ပယ်ချထားပါတယ်။
5 months Ago

November 4, 2020

ယူဂန္ဓာ အတိုက်အခံ သမ္မတလောင်း ကိုယ်စားလှယ်ကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ယူဂန္ဓာရဲတွေဟာ အတိုက်အခံ သမ္မတလောင်းကိုယ်စားလှယ် ဘိုဘီဝိုင်းရဲ့ ကားကို နိုဝင်ဘာ ၃ ရက်က အတင်းဝင်စီးခဲ့တဲ့ ရုပ်သံကို ရိုက်တာသတင်းဌာနက ရခဲ့ပါတယ်။ သူ့ကို ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုရာ ရိပ်သာနားမှာတင် အဖမ်းခံခဲ့ရတာပါ။ သူ အဖမ်းခံရအပြီး သူ့ကိုထောက်ခံသူ ထောင်ချီ ပြည့်နေတဲ့ ခြံဝင်းထဲကို ရဲကားတစီး မောင်းဝင်သွားခဲ့ပါတယ်။ ရဲတွေက ရော်ဘာကျည်ဆန်တွေ မျက်ရည်ယိုဓာတ်ငွေ့တွေကို သုံးပြီး ဆန္ဒပြလူစုကို ဖြိုခွဲခဲ့တယ်၊ ဆန္ဒပြလူအုပ်ကို ကျော်ပြီး ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သူ့လက်ထောက်တွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဖြိုခွင်းမှုကြောင့် လူ ၁၅ ယောက်ထက်မနည်း ဒဏ်ရာရပြီး ၄၉ ယောက် အဖမ်းခံရတယ်လို့ ဝိုင်းရဲ့ လက်ထောက်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အာဖရိကရဲ့ တတိယမြောက် အာဏာသက်တမ်းအရှည်ဆုံး သမ္မတ အသက် ၇၅ နှစ်အရွယ် ယိုဝေရီမူဆေဗေနီရဲ့ ၃၄ နှစ်ကြာ အာဏာသက်တမ်း အဆုံးသတ်ရေးကို ဝိုင်းက ရည်မှန်းထားပါတယ်။ ဝိုင်းဟာ ကိုယ်စားလှယ်လောင်းလျှောက်တဲ့ ရိပ်သာက ထွက်လာအပြီး တရားမဝင် လုပ်ငန်းစဉ်တွေ ကျင်းပဖို့ စီစဉ်ထားလို့ ရဲအချုပ်နဲ့ ထိန်းသိမ်းထားတယ်လို့ ရဲက ကြေညာချက် ထုတ်ပြန်ပါတယ်။ အသက် ၃၈ နှစ်အရွယ် ဝိုင်းဟာ အဆိုတော်နဲ့ ဂီတပညာရှင်တယောက် ဖြစ်ပြီး ကျိုးနွံနှိမ့်ချတဲ့ ဇာစ်မြစ်နဲ့ လူငယ့်အားမာန်တို့ကြောင့် လူဦးရေ ၄၂ သန်းရှိတဲ့ ယူဂန္ဓာနိုင်ငံအတွင်း လူငယ်အများအပြားရဲ့ ထောက်ခံမှုကို ရထားပါတယ်။ ဒါကြောင့် အများပြည်သူရဲ့ စည်းကမ်းသေဝပ်မှုကို ခြိမ်းခြောက်မှုနဲ့ စွပ်စွဲခံရပြီး ထပ်ခါတလဲလဲ အဖမ်းခံခဲ့ရဖူးပါတယ်။ ဝိုင်းကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး သမ္မတ ပြောခွင့်ရဆီက မှတ်ချက်တစုံတရာ ရဖို့ ကြိုးစားပေမယ့် မတုံ့ပြန်ခဲ့ပါဘူး။
5 months Ago
Up