ရဲတပ်ဖွဲ့ပိတ်ဆို့တားဆီး

February 15, 2021

မကွေးမြို့၌ ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးနေသော်လည်း မြို့ခံလူထု သိန်းချီဆန္ဒပြ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက စစ်အာဏာရှင်ကျဆုံးရေးအတွက် လူဦးရေ  သိန်းချီဆန္ဒပြနေကြပြီးတော့ ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးတာတွေ ပိုများလာပါတယ်။

မကွေးမြို့ အထက ၁ လမ်းနဲ့ မေတ္တာလမ်းထောင့်က လမ်းချိုးတစ်ခုကို ပိတ်ဆို့ထားတဲ့ ရဲတပ်ဖွဲ့ တွေနဲ့ ဆန္ဒပြလမ်းကြောင်းတစ်ခုထိပ်တိုက်တွေ့ဆုံပြီး လမ်းဖွင့်ပေးဖို့ တောင်းဆိုတာတွေ ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြလမ်းကြောင်းမှာ ဦးဆောင်သူတွေက လမ်းဖွင့်ပေးဖို့တောင်းဆိုခဲ့ပေမယ့် ပြေလည်မှုမရရှိတာကြောင့် အထက(၁)လမ်း အတိုင်း လမ်းငါးသွယ်သို့ ဆက်လက်ချီတက်ခဲ့ကြပါတယ်။

အကြမ်းမဖက်လှုပ်ရှားမှုဖြစ်တဲ့အတွက် ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားဖို့ ဆန္ဒပြခေါင်းဆောင်က ထိန်းသိမ်းပေးတာလည်းတွေ့ရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် နေ့လည်ပိုင်းကတော့ မကွေးမြို့ ဆန္ဒပြခေါင်းဆောင် ဦးနေမျိုးကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှု ဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲတာဝန်ရှိသူတွေကပြောပါတယ်။

စစ်အာဏာရှင်ကျဆုံးရေး ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံခေါင်းဆောင်တွေ ချက်ချင်းလွှတ်ပေးရေးနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ် အတည်ပြုပေးစတဲ့ကြွေးကြော်သံတွေနဲ့အတူ မြို့ခံလူထုက ချီတက်ဆန္ဒပြနေကြတာပါ။

သတင်း-မင်းထီး

2 years Ago
Up