ရဲတပ်ကြပ်

November 2, 2018

တောင်ကုတ်ရဲစခန်းက ရဲတပ်ကြပ်သေဆုံးမှု အဖြစ်မှန်ပေါ်ပေါက်ရန် မိသားစုလိုလား

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မရဲစခန်းက ရဲတပ်ကြပ်တဦး ရေနစ်သေဆုံးတယ်လို့ ထုတ်ပြန်ထားပေမယ့် သေဆုံးသူ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ တွေ့ရှိနေတဲ့အတွက် မိသားစုဝင်တွေက အဖြစ်မှန် ပေါ်ပေါက်ဖို့ လိုလားနေကြပါတယ်။ သေဆုံးသူ ရဲတပ်ကြပ် မျိုးမင်းအေးဟာ တောင်ကုတ်ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူတဦးဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်က ရဲအုပ် ချစ်ထွန်း ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ သစ်တောဌာနကတာဝန်ရှိသူတွေ့နဲ့အတူ တောင်ကုတ်မြို့နဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ ဓားမကျဆည်မှာ သစ်ခိုးထုတ်နေတဲ့သူတွေကို  သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလို ဖမ်းရာမှာ သစ်ထုတ်လုပ်သူတွေကနေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့် စက်လှေပေါ် ပြန်လည်ဆုတ်ခွာတဲ့အချိန် ရေထဲပြုတ်ကျပြီး သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမယ့် ဒဏ်ရာတွေ တွေ့ရှိနေတာကြောင့် တိုက်ခိုက်ခံရတာဖြစ်နိုင်တယ်လို့ သေဆုံးသူရဲ့ ဖခင်က ပြောပါတယ်။ ရဲတပ်ကြပ် မျိုးမင်းအေးသေဆုံးမှုနဲ့ ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းကို သွားရောက်မေးမြန်းခဲ့ပေမယ့် ရဲစခန်းတာဝန်ရှိသူက  ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
2 years Ago

November 1, 2018

မန္တလေးတွင် ရဲတပ်ကြပ်ကြီး ၁ ဦး မတော်တဆ သေနတ်ကျည်ဆန်ထိမှန်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) နယ်​​မြေရဲစခန်းက ရဲတပ်ကြပ်ကြီးတဦး ဒီကနေ့ မနက် ၈ နာရီ ​ကျော်​က သေနတ်ထိမှန် ဒဏ်ရာရသွားလို့ မန္တလေးဆေးရုံကြီး အ​ရေး​ပေါ်ဌာနကို တင်ပို့ထားရပါတယ်။ တရားရုံးထုတ် လုပ်ငန်းဆောင်ရွက်ဖို့ ရဲတပ်ကြပ် အောင်စိုးကို BA 94 ကိုယ်ထည်အမှတ် B - 12315 သေနတ်နဲ့ ကျည်အတောင့် (၄၀) ထုတ်ပေးထားရာက ရဲတပ်ကြပ် အောင်စိုး အိမ်သာအသွား သေနတ်ကို ရဲတပ်သား ချစ်မင်းဇော်ထံ ခေတ္တအပ်ထားခဲ့ရာမှာ ရဲတပ်သား ချစ်မင်းဇော်လက်ထဲကနေ ကျည်ဆန် ရုတ်တရက် ထွက်သွားခဲ့တာ​ပါ။ အဆိုပါကျည်ဆန်ဟာ အနီးနားရှိ ရဲတပ်ကြပ်ကြီးဝင်းမြင့်ရဲ့ ညာဘက် ဝမ်းဗိုက်ကို ထိမှန်ပြီး ကျည်ထုတ်​ချင်းပေါက်​ထွက်​သွားခဲ့တဲ့ ဒဏ်ရာကြောင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး အ​ရေး​ပေါ်ဌာနကို တင်ပို့ထားရကာ ဒဏ်ရာက စိုးရိမ်​စရာမရှိဘူးလို့ သိရပါတယ်။ ကျည်ထိမှန်ခဲ့တဲ့ ရဲတပ်ကြပ်ကြီးဝင်းမြင့်ကို မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးနဲ့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးတို့က ငွေ ငါးသောင်းကျပ်စီ ထောက်ပံ့ငွေ​ပေးခဲ့ပါတယ်​။ ရဲတပ်​ကြပ်​​အောင်​စိုးကိုတော့ ရဲစည်းကမ်းထိမ်းသိမ်း​ရေးဥပ​ဒေအရ ခုံရုံးဖွဲ့စစ်​​ဆေး အ​ရေးယူမယ်လို့  အမှတ်​ ၁၁ နယ်​​မြေစခန်း တာဝန်​ရှိသူက​ ဒီဗွီဘီကို ပြောပါတယ်​။ အောင်အောင်နိုင်
2 years Ago
Up