ရဲတပ်ဖွဲ့အတွက် စွမ်းစွမ်းတမံ အမှုထမ်းပေးခဲ့သည့် ခွေးများကို ဂုဏ်ပြု

August 18, 2017

ရဲတပ်ဖွဲ့အတွက် စွမ်းစွမ်းတမံ အမှုထမ်းပေးခဲ့သည့် ခွေးများကို ဂုဏ်ပြု

ဘိုလီးဗီးယားနိုင်ငံ မြို့တော် လာပါ့စ်မှာ သြဂုတ် ၁၅ ရက်နေ့က ရဲတပ်ဖွဲ့အတွက် စွမ်းစွမ်းတမံ အမှုထမ်းပေးခဲ့ကြတဲ့ ခွေးတွေကို အခမ်းအနားပြုလုပ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။ အဲဒီဂုဏ်ပြုပွဲကို ဆန်ရိုကေး ဘာသာရေး အခမ်းအနားမှာ ပြုလုပ်ခဲ့တာပါ။ ဆန်ရိုကေး ဆိုတာ ခွေးတွေကို စောင့်ရှောက်တယ်လို့ ယုံကြည်တဲ့ သူတော်စင်တပါးပဲ ဖြစ်ပါတယ်။ ခွေးလေ့ကျင့်ပေးသူတဦးက “ကျေနာ့်ခွေး ယိုရှီရိုက ရီဘာရော်တာမှာ အရေးကြီးတဲ့အမှု အတော်များများကို ဖြေရှင်းပေးခဲ့ပါတယ်။ တမှုက ကိုကင်း ၈ ကီလိုနဲ့ နောက်တမှုက ကိုကင်း ၇ ကီလို မိတာပါ။ ဇူလိုင် ၃၁ ရက်နေ့က အယ်အော်တိုလေဆိပ်မှာ အစားအစာထဲ ဝှက်ထည့်လာခဲ့တဲ့  ကိုကင်းတွေကို သူရှာတွေ့ခဲ့တယ်။ မနေ့ကတင် ဟောင်ကောင်နဲ့ ထိုင်းကို ပို့မယ့် ခွေးစာထဲမှာ ဝှက်ထားတဲ့ ကိုကင်းတွေကို သူရှာတွေ့ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ အမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်က “ကျနော်လို့ ဘာလို့ ဂုဏ်ပြုပွဲအခမ်းအနား လုပ်ပေးတာလဲဆိုတော့ သူတို့ဟာ ရဲတပ်ဖွဲ့အတွက် အများကြီး အထောက်အကူရပါတယ်။ မူးယစ်ဆေးဖြန့်ချိမှုတွေ ရပ်ဆိုင်းပြီး လူတွေဆီကို မူးယစ်ဆေးတွေ မရောက်အောင် တားဆီးပေးပါတယ်။ ဒါကြောင့် သူတို့တွေကို ကျနော်တို့ အခုလို ဂုဏ်ပြုရတာပါ” လို့ ပြောခဲ့ပါတယ်။ အခမ်းအနားမှာ မူးယစ်ဆေးတင်ပို့မှုတွေကို ကြားဖြတ်ဟန့်တားခဲ့တဲ့ ယိုရှီရိုဆိုတဲ့ခွေးကို  ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။ ဘိုလီးဗီးယားနိုင်ငံဟာ နှစ်စဉ် ခွေးကောင်ရေ ၅၀ ခန့်ကို မူးယစ်ဆေးရှာဖွေရေး သင်တန်းကျောင်းမှာ သင်တန်းပေးလျက်ရှိပါတယ်။ သင်တန်းကာလ တနှစ်ကြာမြင့်ပြီး ခွေးတကောင် သင်တန်းပေးတဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာသုံးထောင်ခန့် ရှိတယ်လို့ သိရပါတယ်။
4 years Ago
Up