အာဖဂန်နစ္စတန်နိုင်ငံ ဂိုရ်စီရင်စုက ရဲဌာနချုပ်ကို အောက်တိုဘာ ၁၈ ရက်က ပစ်မှတ်ထား ထောင်ခဲ့တဲ့ ကားဗုံးပေါက်ကွဲတာကြောင့် အရပ်သား ၁၂ ယောက်ထက်မနည်း သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
လတ်တလော သီတင်းပတ်တွေမှာ အာဖဂန်နိုင်ငံအတွင်း တာလီဘန်တွေနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။
ဂိုရ်စီရင်စုရဲ့ မြို့တော် ဖေရို့ဇ်ခိုရ်မှာ တိုက်ခိုက်ခံရတာ ဖြစ်ပြီး ပဋိပက္ခထူပြောတဲ့ အာဖဂန်မှာ တခြားဒေသတွေထက်စာရင် အကြမ်းဖက်မှု သိပ်မမြင်ရတဲ့နေရာလို့ ရိုက်တာသတင်းမှာ ပြောပါတယ်။
အကြမ်းဖက်သမားတွေဟာ ကားဗုံးကို ဂိုရ်စီရင်စုရဲဌာနချုပ်ရှေ့မှာ မနက် ၁၁ နာရီလောက်မှာ ဖောက်ခွဲခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိခိုက်သေဆုံးသူတွေထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ပါတယ်လို့ ဂိုရ်စီရင်စု ကျန်းမာရေးအရာရှိက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရသူက “ဘယ်အုပ်စုကမှ သူတို့လက်ချက်လို့ တာဝန်မခံသေးပါဘူး။ ပေါက်ကွဲမှုက အင်မတန် အားပြင်းတယ်လို့ ပြောပါတယ်။ ထိခိုက်သေဆုံးမှုတွေ ရှိတယ်။ လူတွေကို ဆေးရုံတွေဆီ ခေါ်သွားပြီးပြီ။ ပေါက်ကွဲမှုကြောင့် အနားက အဆောက်အအုံတွေ ပျက်စီးတယ်” လို့ ပြောပါတယ်။
တာလီဘန်နဲ့ အာဖဂန်အစိုးရတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အရင်လက ပြန်စခဲ့ပေမဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ရှိနေဆဲပါ။
ညှိနှိုင်းမှုရဲ့ အခြေခံမူဘောင်ကို ချမှတ်ရေး နှစ်ဘက်စလုံးက ကြိုးစားနေဆဲဖြစ်လို့ ဆွေးနွေးပွဲတွေ ကြာမယ့်သဘော ရှိတယ်လို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။
5 months Ago