ရဲစခန်း

February 10, 2021

NLD ရုံးချုပ်ကို စစ်တပ်က ချိုးဖျက်ဝင်ရောက်ခဲ့မှု ရာဇဝတ်ပြစ်မှုမြောက်၊ ရဲစခန်းက အမှုဖွင့်မပေး

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာရှိတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို ရုံးချုပ်ကို မနေ့ညက စစ်တပ်က ချိုးဖျက်ဝင်ရောက်ရှာဖွေခဲ့တာဟာ ရာဇဝတ်ပြစ်မှုကျူးလွန် ရာရောက်တယ်လို့ NLDပါတီက ကြေညာလိုက်ပြီး ဒီအမှုနဲ့ပတ်သက်လို့  တိုင်ကြားရာမှာ ရဲစခန်းက အမှုမဖွင့်ပေးဘူးလို့ သိရပါတယ်။

ပါတီအနေနဲ့ဗဟန်းရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပေမယ့်  အမှုမဖွင့်ပေးတဲ့အပြင် ရုံးချုပ်ကိုလာရောက်စစ်ဆေးမယ်လို့သာ ပြောခဲ့တယ်လို့ အန်အယ်လ်ဒီ ပါတီ ဗဟိုအလုပ်မှုဆောင်ပါတီဝင် ဦးကြည်တိုးက ပြောပါတယ်။

ဖေဖေါ်ဝါရီ ၉ ရက် မနေ့ည ၁၀ နာရီခန့်လောက်မှာ  ဗဟန်းမြို့နယ်ရှိ အန်အယ်လ်ဒီ ပါတီဌာနချုပ်နဲ့  တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ရုံး တို့ကိုစစ်တပ်က ချိုးဖျက်ဝင်ရောက်ပြီး စာရွက်စာတမ်းတွေ ကွန်ပျူတာဟာ့ဒစ်တွေ၊ ငွေစာရင်းစာအုပ်အပါအဝင် ဘဏ်စာအုပ်တွေနဲ့ ချက်လက်မှတ်တွေကိုယူဆောင်သွားတယ်လို့ သိရပါတယ်။ 

ဒီလုပ်ရပ်ဟာ ရာဇဝတ်ပြစ်မှုကျူးလွန်တဲ့ လုပ်ရပ်ဖြစ်ပြီး ဒီဖြစ်စဉ်မှာ ပါဝင် ပတ်သက်သူတွေအနေနဲ့ တာဝန်ခံဖြေရှင်းဆောင်ရွက်ပေးရမှာဖြစ်ကြောင်းနဲ့ ဒီလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ ထုတ်ပြန် ကြေညာထားပါတယ်။

2 months Ago

December 19, 2020

မြဝတီမြို့ ရဲစခန်းက အချုပ်သား ၈ ဦး ကိုဗစ်ပိုးတွေ့ရှိ

ကရင်ပြည်နယ် မြဝတီမြို့ရဲစခန်းက ပြစ်မှုကျူးလွန်သူတွေထားတဲ့ အချုပ်ခန်းက အချုပ်သား ၈ ဦးမှာ ဒီဇင်ဘာ ၁၉ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ရဲစခန်းက သိရပါတယ်။ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မရဲစခန်းမှာ ပြစ်မှုကျူးလွန်သူအချုပ်ခန်းမှာ ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ မြဝတီမြို့မရဲစခန်းက ရဲတပ်သား နှစ်ဦး ကိုဗစ်ပိုးပိုးတွေ့ရှိနောက်ပိုင်း ရဲစခန်းတွင်း ရဲသားနဲ့ အချုပ်သားတွေကို ကိုဗစ်ပိုးရှိမရှိ စစ်ဆေးနေတာဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အချုပ်သား ၈ ဦး ကိုဗစ် ပိုးတွေ့ရှိခဲ့တာပါ။  ကျန်အချုပ်သားတွေကိုလည်း ဆက်လက်စစ်ဆေးနေပြီး ရဲစခန်း၊ အချုပ်ခန်းနဲ့ မိသားစု အိမ်ရာတွေကို ပိုးသတ်ဆေးဖျန်းခဲ့တယ်လို့ သိရပါတယ်။ မြဝတီမြို့မှာ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ  ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၃၄ ဦးနဲ့ သေဆုံးသူ ၁ ဦး ရှိပြီး  ကရင်ပြည်နယ်တခုလုံးမှာတော့ အတည်ပြုလူနာ ၁၁၈၀ ကျော်နဲ့ သေဆုံးသူ ၁၃ ဦး ရှိပြီလို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
4 months Ago
More News
Up