ရဲစခန်းအနီးလမ်းမပေါ်တွင် ရွှေဆွဲကြိုးဖြတ် လုယူထွက်ပြေးမှု ဖြစ်ပွား

A d v e r t i s e m e n t With Us

April 2, 2016

ရဲစခန်းအနီးလမ်းမပေါ်တွင် ရွှေဆွဲကြိုးဖြတ် လုယူထွက်ပြေးမှု ဖြစ်ပွား

ထိုင်းနိုင်ငံ၊ ပတ္တယားကမ်းခြေ၊ ရဲစခန်းတခုအနီး လမ်းမပေါ်မှာ မတ်လ ၃၁ ရက်နေ့က အီရန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးဆီမှ ရွှေဆွဲကြိုးဖြတ် လုယူထွက်ပြေးမှု ဖြစ်ခဲ့တယ်လို့ ထိုင်းဗီဇာသတင်းမှာ ဖော်ပြပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာဟာ ရဲစခန်းနဲ့ မီတာ ၅၀၀ သာဝေးပြီး လမ်းလျှောက်ထွက်လာတဲ့ အမျိုးသမီးဆီက ရွှေဆွဲကြိုးကို ဆိုင်ကယ်စီး အမျိုးသားတဦးက လုယူသွားခဲ့တာပါ။ တရားခံဟာ လမ်းကြောင်းမသိလို့ မေးချင်ယောင်ဆောင်ကာ အမျိုးသမီးကို အာရုံလွှဲခဲ့ပြီး ပြန်ဖြေမယ့်အဖြေကို မစောင့်ဘဲ လုယူထွက်ပြေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ တရားခံဟာ အသက် ၁၈ နှစ်နဲ့ ၂၀ ကြားလို့ ခန့်မှန်းရပြီး လိုင်စင်နံပါတ်မပါတဲ့ ဟွန်ဒါအမျိုးအစား ဆိုင်ကယ်ကို စီးလာကာ မျက်နှာကို ဆိုင်ကယ်စီးဦးထုပ်နဲ့ ဖုံးကွယ်ထားတယ်လို့ ဆိုပါတယ်။ အသက် ၂၈ နှစ်အရွယ် အာဆန်ရှာဟရီ အမည်ရ အဆိုပါ အီရန်အမျိုးသမီးဟာ ဘေးဗျူး (Bay View Resort) ကမ်းခြေဟိုတယ်မှာ တည်းခိုနေထိုင်သူဖြစ်ပြီး သူငယ်ချင်း ၃ ဦးနဲ့ လမ်းလျှောက်ထွက်ချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီရွှေဆွဲကြိုးဟာ ဘတ်ငွေ ၅ သောင်း တန်ကြေးရှိပြီး ရဲတွေကတော့ စီစီတီဗွီ ကင်မရာရဲ့ မှတ်တမ်းတွေနဲ့ရော ပတ္တယား ၂ လမ်းမကြီးတလျှောက် ဖမ်းယူရရှိမယ့် မှတ်တမ်းတွေကတဆင့် ဖမ်းဆီးဖော်ထုတ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။
5 years Ago
Up