ရဲချုပ်ဟောင်း အဖမ်းခံရ

A d v e r t i s e m e n t With Us

October 22, 2016

ကျောင်းသား ၄၃ ဦးကိုသတ်မှု သံသယဖြင့် မက္ကဆီကို ရဲချုပ်ဟောင်း အဖမ်းခံရ

မက္ကဆီကို အာဏာပိုင်တွေက လွန်ခဲ့တဲ့ ၂ နှစ်က ကျောင်းသား ၄၃ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု သံသယနဲ့ အစ်ဂွါလာခရိုင် ရဲချုပ်ဟောင်း ဖိလစ်ပ် ဖလောရဲ့စ်ကို ဖမ်းလိုက်ပြီလို့ အောက်တိုဘာ ၂၁ ရက်နေ့က ကြေညာပါတယ်။ ရဲချုပ်ဟောင်းဟာ ၂၀၁၄ ခုနှစ်က ကျောင်းသားတွေကို အစုလိုက်သတ်ဖို့ အမိန့်ပေးခဲ့တဲ့ ဒေသခံ မူးယစ်ဂိုဏ်းနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း စွပ်စွဲခံထားရတယ်လို့ အရာရှိတွေက ပြောပါတယ်။ “ရဲချုပ်ဟောင်းဟာ အုပ်စုဖွဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ခဲ့တယ်၊ ကျောင်းသားတွေ ပြန်ပေးဆွဲမှုမှာ အဓိက ပါဝင်ခဲ့တယ်။ ကျောင်းသားတွေ ကိစ္စနဲ့ပတ်သက်ပြီး အစ်ဂွါလာက ရဲ အရာရှိတွေကို အမိန့်ပေးခဲ့တယ်” လို့ အမျိုးသား လုံခြုံရေး ကော်မရှင်နာမင်းကြီး ရေနာတို စာလဲ့စ်က ပြောပါတယ်။ သူ့ရဲ့ လက်အောက် အရာရှိတွေဟာ ကျောင်းသားတွေကို မူးယစ်ဂိုဏ်း လက်ထဲကို အပ်ခဲ့တာလို့လည်း အစီရင်ခံထားပါတယ်။ သူ့ကို ဖမ်းမိမှုဟာ ပျောက်ဆုံးကျောင်းသားတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်တဲ့ သဲလွန်စသစ်ကို ပေးနိုင်တယ်လို့ ပညာရှင်တွေက ယုံကြည် ကြပါတယ်။ မီးသွေးခဲလို ဖြစ်နေတဲ့ အရိုးတခုဟာ ပျောက်ဆုံးကျောင်းသားတွေထဲက တယောက်ရဲ့ အရိုးဖြစ်ကြောင်း ဖော်ထုတ် ထားပြီးပါပြီ။ အမှိုက်ပုံ တခုမှာ ကျောင်းသား ၄၃ ဦးလုံး မီးရှို့ခံရတယ်ဆိုတဲ့ အစိုးရရဲ့ ကြေညာချက်အပေါ် ဒီအမှုကို စုံစမ်းစစ်ဆေးနေတဲ့ နိုင်ငံတကာ ပညာရှင် အဖွဲ့က ပယ်ချခဲ့ပါတယ်။ ကျောင်းသား ၄၃ ဦး အစုလိုက်ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ တရားမစွဲ ရသေးပါဘူး။
4 years Ago
Up