ရဲကို ဓားဖြင့်ထိုးခဲ့သည့် ဆယ်ကျော်သက်မိန်းကလေးကို ဂျာမန်တရားရုံးက ထောင်ဒဏ် ၆ နှစ်ချ

January 27, 2017

ရဲကို ဓားဖြင့်ထိုးခဲ့သည့် ဆယ်ကျော်သက်မိန်းကလေးကို ဂျာမန်တရားရုံးက ထောင်ဒဏ် ၆ နှစ်ချ

အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ အမိန့်တွေအရ ဘူတာရုံမှာ ရဲကို ဓားနဲ့ထိုးခဲ့တဲ့ ဂျာမနီ မော်ရိုကို ကပြား ဆယ်ကျော်သက်မိန်းကလေးကို ဂျာမန်တရားရုံးက ဇန်နဝါရီ ၂၆ ရက်နေ့မှာ ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ်ရှိပြီး နိုင်ငံသား ၂ ခု ခံယူထားတဲ့ စာဖီယာ အဲ့စ်ဟာ လူသတ်ဖို့ ကြိုးစားမှု၊ စစ်သွေးကြွအုပ်စုကို ပံ့ပိုးမှုတွေနဲ့ ဂျာမနီမြောက်ပိုင်း ဆယ်လေမြို့က ဒေသန္တရတရားရုံးမှာ တရားစွဲခံခဲ့ရတာပါ။ အောက်တိုဘာလကစတဲ့ တရားရုံးစစ်ဆေးမှုအတွင်း သူဟာ အမှားလုပ်နေတယ်ဆိုတာ သိနိုင်စွမ်းမရှိခဲ့ဘူးလို့ ခုခံ လျှောက်လဲပါတယ်။ ဆာဖီယာဟာ မနှစ် ဇန်နဝါရီလက အစ္စတန်ဘူလ်မြို့ကို ခရီးသွားခဲ့ပြီး ဆီးရီးယားနိုင်ငံထဲက အိုင်အက်စ်ထိန်းချုပ်ထားတဲ့ နယ်မြေကို ဝင်ခွင့်ရအောင် ကူညီဖို့ စီစဉ်ထားတဲ့ အိုင်အက်စ်စစ်သွေးကြွ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။ အစ္စတန်ဘူလ်မှာ ရှိနေချိန်မှာပဲ ဂျာမနီမှာ အာဇာနည်ဆန်တဲ့ တိုက်ခိုက်မှုလုပ်ဖို့ အမိန့်ကို လက်ခံရရှိခဲ့တယ်၊ သူဟာ အစွန်းရောက်နေပြီဆိုတာ ယုံတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ သူ့ကို မိခင်ဖြစ်သူက ဂျာမနီကို ပြန်ခေါ်လာအပြီး အသက် ၁၅ နှစ်အရွယ်မှာပဲ မိန်းကလေးဟာ ဟာနိုဗာမြို့ ဘူတာမှာ ရဲတယောက် အပြင်းအထန် ဒဏ်ရာရအောင် ဓားနဲ့ထိုးခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။ စာဖီယာရဲ့ အစီအစဉ်ကို သိပေမယ့် ရဲကိုအကြောင်းကြားဖို့ ပျက်ကွက်တဲ့ အသက် ၂၀ အရွယ် ဂျာမန် ဆီးရီးယား ကပြား မိုဟမ်မဒ်ကေကိုလည်း ကြံရာပါအဖြစ် ထောင်ဒဏ် ၂ နှစ်ခွဲ ပြစ်ဒဏ် စီရင်ခဲ့ပါတယ်။
5 years Ago
Up