ရဲကားများကို ကျော်ဖြတ်တိုက်ပြေးသည့် မူးယစ်ဆေးရောင်းချသူကို ဖမ်းဆီး

July 13, 2016

ရဲကားများကို ကျော်ဖြတ်တိုက်ပြေးသည့် မူးယစ်ဆေးရောင်းချသူကို ဖမ်းဆီး (ရုပ်သံ)

ထိုင်းနိုင်ငံ ချောင်ဘူရီ ဘန်လမ်းမောင်ခရိုင်မှာ မူးယစ်ဆေးဝါးရောင်းချတဲ့ အမျိုးသမီးကို လိုက်ဖမ်းရာ ကား ၅ စီးလုံးကို တိုက်ပြီး ထွက်ပြေးလို့ ရဲအရာရှိတဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်က ရဲတပ်ဖွဲ့ဝင်တွေ ရှာဖွေရေး လုပ်ဆောင်နေရာမှာ အမျိုးသမီးက ကားနဲ့ ထွက်ပြေးခဲ့လို့ လိုက်လံဖမ်းဆီးခဲ့ရာ မက်သာဖက်တမင်း ဆေးပြား ၆၇၈ ပြားကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးခံရသူ အမျိုးသမီးဟာ အသက် ၂၈ နှစ်အရွယ် နုဂျာရီ နောင်ပူး ဖြစ်ပြီး ရဲတွေ ပိတ်ဆို့ထားတာကို ကျော်ဖြတ်ပြီး ကားမောင်းပြေးခဲ့တာပါ။ ရဲကား ၄ စီးကို တိုက်ခဲ့သလို အရပ်သား ကားတစီးကိုပါ တိုက်ပြီး ထွက်ပြေးခဲ့ပါတယ်။ ရဲတွေက အမျိုးသမီး မောင်းနှင်လာတဲ့ကား တာယာ ၄ လုံးစလုံးကို သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့ပေမယ့် မရပ်တန့်ဘဲ ဆက်မောင်းသွားခဲ့ပါတယ်။ ရဲတွေက ကားလမ်းပေါ်က အမှတ်အသားတွေကို ခြေရာခံပြီး လိုက်လံဖမ်းဆီးရာမှာတော့ ငှက်ပျောတောထဲမှာ ပုန်းနေတဲ့ အမျိုးသမီးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ နုဂျာရီဟာ မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့ ထောင် ၃ နှစ် ကျခံခဲ့ရဖူးတယ်ဆိုတဲ့ မှတ်တမ်းကို တွေ့ရှိခဲ့ရပါတယ်။ ထောင်ကလွတ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်တာကို ပြန်လည် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ ဒီဖြစ်ရပ်ကို ချောင်ဘူရီရဲတပ်ဖွဲ့က ရုပ်သံမှတ်တမ်းတင်ထားပြီး ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားပါတယ်။
5 years Ago
Up