ရဲ

November 8, 2021

ပြည်သူ့ရင်ခွင်ခိုလှုံရန် စာရင်းပေးလာသည့် စစ်သားနှင့်ရဲ တလအတွင်း ၃၀၀ ကျော်ရှိ

အမျိုးသားညီညွတ်ရေးအစိုးရက ခုခံတွန်းလှန်စစ်စတင်ပြီလို့ ကြေညာတဲ့နောက်ပိုင်း စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံဖို့စာရင်းပေးလာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တွန်းလှန်စစ်ကြေညာတဲ့ စက်တင်ဘာ ၇ ရက်နေ့ကစလို့ ပြည်သူ့ရင်ခွင် ခိုလှုံလို​တယ်လို့ ဆက်သွယ်လာတဲ့ တပ်သားနဲ့ ရဲတွေ နေ့စဉ် တိုးပွားလာနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

အောက်တိုဘာ ၈ ရက်ကနေ နိုဝင်ဘာ ၇ ရက်နေ့အထိ ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်းဆက်သွယ်လာသူ တပ်သား ၁၅၅ ယောက်၊ ရဲ ၁၆၁ ယောက်၊ စုစုပေါင်း ၃၁၆ ယောက်ရှိတယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒါဟာ ပြည်သူ့ရင်ခွင်အဖွဲ့တခုတည်းကို ဆက်သွယ်လာတဲ့ အရေအတွက်ဖြစ်ပြီး လွတ်မြောက်နယ်မြေတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ရောက်နေတဲ့ စာရင်းအချက်အလက်တွေ မပါသေးပါဘူး။ 

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ရဲဌာနထဲကနေ နေ့စဉ် အရေးကြီးသတင်းပေးပို့နေတဲ့ ပြည်သူ့ဘက်တော်သားတွေကိုလည်း အထူးကျေးဇူးတင်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံတော် အာဏာကို တရားမဝင် သိမ်းယူပြီးနောက် စစ်အာဏာရှင်လက်အောက်ကနေ ပြည်သူဘက်ကို ကူးပြောင်းပူးပေါင်းလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ ဝင်တွေကလည်း  ထောင်ချီရှိနေပြီဖြစ်ပါတယ်။

4 weeks Ago

September 25, 2021

မကွေးတိုင်းက စစ်သား၊ ရဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကြရန် PDF သတိပေး

မကွေးတိုင်းအတွင်းက စစ်သား၊ ရဲတပ်ဖွဲ့ဝင်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြဖို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်မတော်တို့က စက်တင်ဘာ ၂၄ ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တာဝန်ရှိသူတဦးက ''ဒီနယ်မြေအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီအလိုတော်ကျ ဆောင်ရွက်ပေးနေတဲ့ စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာ အသီးသီးကဝန်ထမ်းကို အလုပ်ကနေနုတ်ထွက်ကြဖို့ နောက်ဆုံးအကြိမ်သတိပေးတာပါ။ စစ်တပ်ကို ကျွန်ခံချင်စိတ်တွေဖျောက်ကြပါ။ ကြော်ငြာထားပြီးဖြစ်လို့ လိုက်နာမှုမရှိရင်တော့ အဆိုးမဆိုကြနဲ့” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြဖို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်မတော် (YSO-PDF) ကလည်း သတိပေးထားတယ်လို့လည်း သိရပါတယ်။

“ရေစကြိုမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားရဲ့ အခြေခံအကျဆုံး ထောက်တိုင်တွေဖြစ်တဲ့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအားလုံး စက်တင်ဘာ ၃၀ ရက်နောက်ဆုံးထားပြီး နုတ်ထွက်ကြဖို့ အထူးသတိပေးလိုက်တာပါ။ နုတ်ထွက်ဖို့ပျက်ကွက်ရင်တော့ အကြမ်းဖက်စစ်ကောင်စီရဲ့အလိုတူ အလိုပါလို့သတ်မှတ်ပြီး ချေမှုန်းသွားမှာပါ'' လို့ YSO-PDF ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

မကွေးတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။

မကွေးတိုင်းအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး တောင်တွင်းကြီးမြို့နယ်ကို အင်တာနက်ဖြတ်တောက်ကာ စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ ဂန့် ဂေါ၊ မြိုင်၊ ထီးလင်း စတဲ့မြိုနယ်တွေကို ဒီနေ့အချိန်အထိ အင်တာနက်ဖြတ်တောက်ထားခဲ့တာလည်း ဖြစ်ပါတယ်။

2 months Ago
More News
Up