ရန်ကုန်-ရေး-ထားဝယ်-မြိတ် ကားလမ်းပေါ်ရှိ ရေးမြစ်ကူးတံတားမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ကို သြဂုတ် ၂၅ ရက် မနက် ၁၁ နာရီလောက်မှာ ရေး PDF က ထပ်မံဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က ရေးမြစ်ရိုးတလျှောက်လုံး နေရာတွေမှာ ကင်းပုန်းထူထပ်စွာချထားပြီး လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားကနေ အခုလို ရေး PDF တွေက ထပ်မံ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က လမ်းကို ပိတ်ဆို့ထားကာ လုံခြုံရေးပါ တင်းကျပ်ထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ PDF တာဝန်ရှိသူတယောက်က ပြောပါတယ်။
ရန်ကုန်-ရေး-ထားဝယ်-မြိတ် ကားလမ်းပေါ်က ရေးမြစ်ကူးတံတားမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရေး PDF တွေရဲ့ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး စစ်ကောင်စီဘက်က ဒီနေ့အထိ အနည်းဆုံး ၅ ယောက်လောက် သေဆုံးခဲ့ပါတယ်။
အခုလို ရေးမြစ်ကူးတံတားမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ရေးဘီလူး အဖွဲ့ကလည်း ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဒေသဆိုင်ရာ PDF တွေကတော့ စစ်ကောင်စီတပ်ဘက်က လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ကြားကနေ စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးတွေကို သုတ်သင် ရှင်းလင်းထားခဲ့တာ ၁ ဒါဇင်ကျော်လောက်ရှိပြီး စစ်ဆင်ရေးကိုလည်း ထပ်မံအရှိန်မြှင့်သွားမယ်လို့ ပြောဆိုထားပါတယ်။
ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့ကလည်း လဝကရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လဝက ဒုဦးစီးမှူး အပါအဝင် ၃ ယောက် သေဆုံး၊ ၁ ယောက် ဒဏ်ရာရရှိခဲ့ပြီးနောက် ရေးမြို့နယ်က ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဒီနေ့အထိ ရုံးမတက်ရဲဘဲ ဖြစ်နေကြပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့၊ ရေး-မြစ်ကူးတံတားမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇူလိုင် ၂၇ ရက်နေ့ မနက် ၇ နာရီလောက်မှာ ရေး PDF က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေးမြစ်ရိုးတလျှောက်လုံး နေရာတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကင်းပုန်းထူထပ်စွာချထားပြီး လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားကနေ ရေး PDF တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၁ ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရသူ များနိုင်တယ်လို့ MSRO အဖွဲ့က ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ကို ၀င်ရောက် တိုက်ခိုက်ခဲ့တာဟာ ကိုဂျင်မီ နဲ့ ကိုဇေယျာသော်တို့အား ကွပ်မျက်ခဲ့တဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO က ၀င်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ရေးမြစ်ကူးတံတားက တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် လက်ရှိမှာ စစ်ကောင်စီတပ်က လမ်းတွေကို ပိတ်ဆို့ပြီး လုံခြုံရေး တင်းကျပ်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်-ရေး- ထားဝယ်-မြိတ် ကားလမ်းပေါ်က ရေးမြစ်ကူးတံတားမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရေး PDF တွေရဲ့ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိတယ်လို့ သိရပါတယ်။
ရေးမြစ်ကူး တံတားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ ပက်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီတပ်ဘက်က လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားကနေ လက်အောက်ခံ စစ်တပ်၊ ရဲ အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးတွေကို သုတ်သင်ရှင်းလင်းနေတာ ၁ ဒါဇင်ကျော်လောက်ရှိပြီ ဖြစ်ပြီး စစ်ဆင်ရေးအား ထပ်မံအရှိန်မြှင့်သွားမယ်လို့ ဒေသဆိုင်ရာ PDF တွေက ပြောပါတယ်။