ရေးမြို့နယ်

January 9, 2022

ရေးမြို့နယ်တွင် နယ်မြေခံတပ်ရင်း ၃ ခုနှင့်ရဲစခန်း တိုက်ခိုက်ခံရ

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ဇန်နဝါရီ ၆ ရက်နဲ့ ၈ ရက်တွေက ရေးမြို့မရဲစခန်းအပါအဝင် နယ်မြေခံ ခြေလျင်တပ်ရင်း ၁ ခုနဲ့ ခြေမြန်တပ်ရင်း ၂ ခုတို့ကို ရေး PDF တွေက တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ရေးမြို့မရဲစခန်း နဲ့ အမှတ် ၆၁ ခြေလျင်တပ်ရင်းဂိတ်ရှေ့ကို ဇန်နဝါရီ ၈ ရက်နေ့ တိုက်ခိုက်ခဲ့တယ်လို့ ရေး PDF အဖွဲ့က ပြောပါတယ်။

ရေးမြို့မရဲစခန်းကို မနက် ၇ နာရီလောက် လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့ရာ ဗုံးသီးကမပေါက်ကွဲခဲ့တာကြောင့် ဇန်နဝါရီ ၈ ရက်နေ့ မွန်းတည့် ၁၂ ခွဲလောက် အမှတ် ၆၁ ခြေလျင်တပ်ရင်းဂိတ်ရှေ့ကို ရှော့တိုက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားတွေ ထိခိုက်ကျဆုံးအရေအတွက်ကို အတိအကျမသိရသေးဘဲ ရေး PDF ကတော့ လုံခြုံတဲ့နေရာသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေး PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ  ၆ ရက်နေ့ကလည်း မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာအနီးရှိ နယ်မြေခံ ခြေမြန်တပ်ရင်း ခမရ ၅၈၇ နဲ့ ခမရ ၃၄၃ တပ်ရင်း နှစ်ခုကို မွန်ပြည်နယ်အခြေပြုတော်လှန်ရေး အစည်းအရုံး (MSRU) နဲ့  ရေး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ခမရ-၃၄၃ ရဲ့ စစ်ဆေးရေးဂိတ်ကို ၄၀ မမ ဗုံးပစ်လောင်ချာ၊ လက်ပစ်ဗုံးတို့နဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သလို ခမရ - ၅၈၇ အတွင်းရှိ ကင်းပုန်းစစ်သားတွေကိုလည်း လက်နက်ငယ်နဲ့ အတွဲလိုက် ပစ်ခတ်ခဲ့တာလို့ MSRU က သတင်းထုတ်ပြန်ပါတယ်။

ပစ်ခတ်မှုကြောင့် ခမရ- ၃၄၃ က စစ်ကား နှစ်စီး ပျက်စီးခဲ့ပြီး ခမရ-၅၈၇ က ကင်းပုန်းဝပ် တပ်သား နှစ်ဦး သေဆုံးခဲ့ကာ ၆ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ကတော့ အန္တရာယ် ကင်းရှင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ တပ်စခန်းတွေဟာ ရန်ကုန်- ရေး- ထားဝယ်- မြိတ် ကားလမ်းဘေးမှာ တည်ရှိနေကြတာပါ။

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရဲစခန်းနဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး  စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ပြောဆိုထားတာမျိုး မရှိသေးပါဘူး။

2 weeks Ago

January 8, 2022

ရေးမြို့နယ် ကနင်ကမော့ ကျေးရွာဒေသခံတချို့ ဖမ်းဆီးစစ်ဆေးခံရ

မွန်ပြည်နယ်  ရေးမြို့နယ် ကနင်ကမော့ကျေးရွာဒေသခံအချို့ကို စစ်ကောင်စီတပ်တွေက ရေး PDF နဲ့ ဆက်စပ်ပြီး ဖမ်းဆီးစစ်ဆေးနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၆ ရက်က ရေးကနေ မော်လမြိုင်ဘက်လာတဲ့စစ်ယာဉ်တန်းကို ကနင်ကမော့ ကျေးရွာအနီးမှာ ရေး PDF  မြောက်ပိုင်းအဖွဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် အခုလို စစ်ကောင်စီတပ်တွေ ညတွင်းချင်း မသင်္ကာသူ အနည်းဆုံး ၅ ဦးလောက်ကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံတဦးက “ဒီရွာနားမှာ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်တာတော့ ကောင်းတာပေါ့။ ဒါမှမဟုတ် တဖက်နဲ့ တဖက်က စစ်ရေးတင်းမာပြီး ထပ်မံတိုက်ပွဲတွေဖြစ်လာမှာကိုလည်း စိုးရိမ်စရာ ကောင်းတယ်” လို့ ပြောပါတယ်။

ရေး PDF မြောက်ပိုင်းအဖွဲ့က စစ်ကောင်စီရဲ့ ကားတန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကာ ရေး PDF  မြောက်ပိုင်းအဖွဲ့ကတော့ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ သေဆုံးဒဏ်ရာရသူတွေရဲ့ အခြေအနေအသေးစိတ်ကို တရားဝင် သတင်းထုတ်ပြန်ပြောဆိုထားခြင်းမျိုး  မရှိသေးပါဘူး။ 

အဆိုပါ ရေး -မော်လမြိုင် သွားကားလမ်း ရေးမြို့နယ် လိမ္မော်ခြံကျေးရွာနဲ့ အောင်သပြေ ကျေးရွာနားမှာ  ဒီဇင်ဘာ ၇ ရက် မနက် ၈ နာရီခွဲလောက်ကလည်း  စစ်ကောင်စီစစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့်  စစ်ကောင်စီတပ်သား  ၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရေး - မော်လမြိုင်သွားကားလမ်းမှာ ရေးPDF နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာပါ။

2 weeks Ago
More News
Up