ရေးမြို့

January 21, 2023

ရေးမြို့တွင် နယ်ထိန်းတဦး ပစ်သတ်ခံရ

မွန်ပြည်နယ် ရေးမြို့အဏ္ဏဝါနန္ဒရပ်ကွက်ပိုင် နယ်ထိန်းရဲတပ်ဖွဲ့ဝင် ကိုဟိန်းသူရကို နန္ဒာရပ်ရေခဲစက်နားမှာ ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီလောက် ရေးဘီးလူးအဖွဲ့က ပစ်ခတ်ရှင်းလင်း လိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ကြားက အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်နဲ့လည်း ၅ ဖာလုံ လောက်သာဝေးတဲ့နေရာ မြို့ပေါ်ရပ်ကွက်မှာ နယ်ထိန်းရဲက ဆိုင်ကယ်နဲ့ နယ်မြေသတင်း စုံစမ်းနေစဥ်မှာ လက်နက်ငယ်နဲ့ ၁၆ ချက်လောက် ပစ်ခတ်လိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။ 

ဒေသခံတယောက်က “နယ်ထိန်းရဲတယောက် ပစ်ခတ်ခံရအပြီးမှာ အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ်က လက်နက်ကြီးနဲ့ ၁၀ ချက်လောက်ပစ်တယ်။ ပြီးတော့ ကျောင်းရွာ အခြေစိုက် တပ်ရင်းဘက်ကလည်း ၃ ချက်လောက် လှမ်းပစ်တယ်။ လက်နက်ကြီးကျည်က ကျုံလောင်းရွာ ဟောင်း ကျေးရွာဘက်မှာ ကျရောက်ပေါက်ကွဲသလို ထိခိုက်ဒဏ်ရာရတာတွေတော့ မသိရ သေးဘူး” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မြို့ဝင်အထွက်အားလုံးကို ပိတ်ဆို့စစ်ဆေးနေပြီး ပုံမှန်သွားလာနေကြတဲ့ သူတွေတောင် အစစ်ဆေးခံရတယ်လို့ စျေးသည်တယောက်က ပြောပါတယ်။

ရေးဘီးလူးအဖွဲ့ဟာ ကျုံလောင်းရွာဟောင်းကျေးရွာကို ထိန်းချုပ်ထားသလို ပြီးခဲ့တဲ့လတွေက ရေး-ထားဝယ်ကားလမ်းမကြီးပေါ်မှာ ရဲစခန်းမှူးအပါဝင်ရဲတပ်ဖွဲ့ဝင် ၃ ယောက်ကို ကားနဲ့ လာ နေစဥ် ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

7 days Ago

January 18, 2023

ရေးမြို့အခြေစိုက် စစ်ကောင်စီအမြောက်တပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် အမြောက်တပ်ရင်း ၃၁၆ ကို ဇန်နဝါရီ ၁၇ ရက် မနက် ၉ နာရီက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်ကာကွယ်ရေးတောင်ပိုင်းက ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောပါတယ်။

ရေး-ထားဝယ်ကားလမ်းဘေးက စစ်ကောင်စီအမြောက်တပ်ရင်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာ ရှိနိုင်ပြီး အသေးစိတ်တော့ အတိအကျ မပြောနိုင်သေးဘူးလို့ မွန်ပြည်ကာကွယ်ရေး တောင်ပိုင်းက ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောပါတယ်။

အ​မြောက်တပ်အနီးနေ ဒေသခံတယောက်က “မနေ့က အမြောက်တပ်ဘက်ကတော့ လက်နက်ကြီးပေါက်ကွဲသံတော့ ကြားရတယ်။ ဘယ်ကပစ်တာ မသိဘူး။ ထိခိုက်သေဆုံးတာတွေက မသိနိုင်ဘူး။ အမြောက်တပ်ကိုတော့ PDF တွေ မကြာခဏ တိုက်လေ့ရှိတယ်။ ဘေးပတ်ဝန်းကျင်က ခြံတွေရှိတယ်။ ရွာလည်းရှိနေပြန်တော့ သေနတ်သံကြားရင် မသွားရဲ မလာရဲကြဘူး” လို့ ပြောပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်တောင်ပိုင်း (MSDF-S) အနေနဲ့ ဒေသကာကွယ်ရေးတပ်၊ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး ရန်သူနဲ့ ဒေါက်တိုင်တွေကို တိုးမြှင့်တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Ye Joker Force (YJF)၊ မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်း (MSDF-S) ဒရုန်းတပ်ဖွဲ့၊ Dragon Squad (တနင်္သာရီ) ဒရုန်းတပ်ဖွဲ့နဲ့ Seath Fighter ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

1 week Ago
More News
Up