ရေးဆွဲထားသည့်

February 9, 2020

Kg တန်းမှ နဝမတန်းအထိ ကျောင်းသားများ ရေးဆွဲထားသည့် ပန်းချီကား ၈၀၀ ကျော်ပြသ

မန္တလေးမြို့၊ မဟာကိုယ်ပိုင်အထက်တန်းကျောင်းက Kg တန်းကနေ နဝမတန်းအထိ ကျောင်းသားတွေ ရေးဆွဲထားတဲ့ ပန်းချီကား ၈၄၁ ကားကို မန္တလေးမြို့၊ ကျုံးမြောက်ဘက် ၂၆ လမ်း၊ ၆၇ လမ်းနဲ့ ၆၈ ကြားမှာ ပြသထားပါတယ်။ ဒီပြပွဲကို ခြောက်ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ဖော်ဖော်ဝါရီ ၈ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၂ ရက်ကြာ ပြသတာပါ။ ကလေးငယ်တွေ ရေးဆွဲထားတဲ့ ဒီပန်းချီကားတွေကို စိတ်ဝင်စားပါက ဝယ်ယူနိုင်ပြီး ရောင်းချရတဲ့ငွေကို ပန်းချီရေးဆွဲတဲ့ ကလေးအား ပြန်လည်ပေးအပ်မယ်လို့ သိရပါတယ်။ ကျောင်းသင်ရိုးတွေမှာ အနုပညာဘာသာတွေ ပိုမိုထည့်သွင်းသင်ကြားလာတာနဲ့အမျှ ခုနှစ်ပိုင်းတွေမှာ ပန်းချီ ပညာရပ်ကို ကလေးတွေ ပိုမိုစိတ်ဝင်စားလာကြတယ်လို့ မီးအိမ်ရှင် ပန်းချီပန်းပု သင်တန်းကျောင်းမှ ပန်းချီဆရာမ ဒေါ်နန္ဒာမြင့်က ပြောပါတယ်။ "ပန်းချီကတော့ တနှစ်ထက်တနှစ် ဖွံ့ဖြိုးနေတာပဲ၊ တခြားဖြည့်စွက် ဘာသာရပ်တွေရှိတယ်၊ အဲ့ဒီ ဘာသာရပ်တွေထဲမှာမှ ပန်းချီကိုပိုပြီး စိတ်ဝင်စားတာ ကလေးတွေအများစုက။ ဘာလို့စိတ်ဝင်စားလဲဆိုတော့ သူတို့က ဖန်တီးနေရတာကို စိတ်ဝင်စားတာ၊ သူတို့အတွေးအခေါ်တွေပေါ့နော်၊ သူတို့ စိတ်ထဲမှာရှိတာလေး သူတို့ ရေးဆွဲချင်တယ်၊အဲလိုမျိုးပေါ့။ အဲဒါကြောင့် သူတို့ ကိုယ်ပိုင်လုပ်ခွင့်၊ လွတ်လပ်ခွင့်ပေါ့နော်၊ သူတို့လုပ်နိုင်တဲ့ ဥစ္စာလေးတွေကို၊ဒီ ပေါ်မှာလာပြီးတော့ စိတ်ကူးထဲပဲရှိလိုက်တယ်၊ အဲ့ဒီစိတ်ကူးထဲ ဘာတွေချပြမလဲ၊ ချ ပြီးရေးလိုက်တာပေါ့နော်၊ အဲ့ဒါကြောင့်မို့လို့ကို သူတို့ကပိုပြီး သဘောကျနေတာ။" ကလေးတွေရဲ့ စိတ်ဝင်စားမှုနဲ့ တီထွင်နိုင်မှုအပေါ် မူတည်ပြီး မိဘတွေအနေနဲ့ ထောက်ပံ့ပေးမှုတွေ ပိုမိုပြုလုပ်ပေးစေချင်တယ်လို့ မန္တလေးမြို့ မဟာ ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ဒုတိယကျောင်းအုပ် ဒေါ်မာမာစိန်က ပြောပါတယ်။ "ကလေးတွေရဲ့ စိတ်ဝင်စားမှုရယ်၊ ကလေးတွေရဲ့စွမ်းရည်ကို မိဘပြည်သူသိစေချင်တာ၊ မိဘပြည်သူသိစေပြီးတဲ့ခါကျတော့ ကလေးတွေ ဒီထက်ပိုပြီး တိုးတက်ဖို့ရာအတွက် အထောက်အပံ့ပေးစေချင်တာ၊ အဲ့ဒီရည်ရွယ်ချက်နဲ့ ဒါလေးကိုပြတာပေါ့။ ကလေးလေးတွေက ပန်းချီလေးတွေ လုပ်တဲ့အတွက်ကြောင့် စိတ်ကူးစိတ်သန်း လေးတွေကောင်းလာမယ်၊ စိတ်ကလေးတွေ နူးညံ့သိမ်မွေ့လာမယ်၊ ယဉ်ကျေးသိမ်မွေ့မှုရှိလာမယ်၊ အဲ့ဒါကြောင့်မို့ ကလေးလေးတွေကို ဒီပန်းချီပညာကို လုပ်စေချင်တယ်၊ လုပ်သင့်ပါတယ်လို့လည်း ယူဆပါတယ်လို့ မိဘများကို ကျမ တိုက်တွန်းချင်ပါတယ်၊” ထိန်ထိန်လင်း
1 year Ago
Up