ရေးချောင်းဖျားဒေသ

April 14, 2021

ရေးချောင်းဖျားဒေသ ကေအန်ယူ ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားလာ

စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ  အခုရက်ပိုင်းအတွင်း  ရေးချောင်းဖျားဒေသ ကေအန်ယူ ထိန်းချုပ်နယ်မြေဘက်တွေကို စစ်ရေးလှုပ်ရှားမှုတွေ ပြန်ပြီး ပြင်ဆင်လာနေတာကြောင့် တိုက်ပွဲဖြစ်မှာကို ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ဒေသခံအများစုက ဥယျာဉ်ခြံလုပ်ငန်းကို အဓိကလုပ်ကိုင်ခဲ့ကြရာ အခုလို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စစ်ရေးလှုပ်ရှားလာလို့ ခြံလုပ်ကိုင်ကြသူတွေမှာ ဥယျာဉ်ခြံလုပ်ငန်းကို မလုပ်ရဲကြတော့ဘူးလို့ ဒေသခံတောင်သူ ၁ ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့ညက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စစ်ရေးလှုပ်ရှားတဲ့အနေနဲ့ ကနင်ကမော့ ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲဖို့ပြင်ဆင်ရာမှာ သာသနာနယ်မြေဟာ စစ်ရေးနဲ့ မသက်ဆိုင်ဘူးဆိုပြီး  ဘုန်းကြီးကခွင့်မပြုခဲ့လို့ ဘုန်းကြီးကျောင်းကိုပါ စစ်တပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ပထမပတ်လောက်က စတင်ပြီး စစ်ကောင်စီခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ၁ ဦး အသတ်ခံရပြီးတဲ့နောက် မာန်အောင်ကျေးရွာရှိ ကေအန်ယူ တပ်စခန်းရှိရာနေရာဘက်မှာ  ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ  အရပ်သား ၂ ဦးသေဆုံးခဲ့ရသလို  စစ်ဘေးရှောင် ထွက်ပြေးရသူတွေလည်း ရာနဲ့ချီရှိခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကေအန်ယူ ဘက်က ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး  ဧပြီ ၁၀ ရက် ညဘက်မှာ စစ်ဘေးရှောင်ပြည်သူတွေဟာ နေအိမ်ပြန်ရောက်ကြပြီလို့ ကူညီပေးကြသူတွေက ထုတ်ပြန်ထားပါတယ်။

8 months Ago
Up