မွန်ပြည်နယ် ရေးမြို့ ရေးချောင်းတောင်မြစ်ကူးတံတားမှာ စက်တင်ဘာ ၂၈ ရက် ည ၇ နာရီကျော်လောက်က လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ရဲ့ သေနတ်ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒေသခံ သားအဖ နှစ်ယောက် ဆိုင်ကယ်နဲ့ ချောင်းတောင်ကို သွားစဉ် စစ်ကောင်စီတပ်တွေက သေနတ်ဒင်နဲ့ ရိုက်နှက်စစ်ဆေးရာမှ သားဖြစ်သူ ထွက်ပြေးတဲ့အတွက် သေနတ် ၅ ချက် ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကာ ဖခင်ဖြစ်သူကတော့ ဒဏ်ရာရတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်တွေကလည်း စစ်ကောင်စီတပ်တွေ အဆိုပါ တံတားမှာ လုံခြုံရေးယူနေစဉ် PDF ရဲ့ ဗုံးခွဲတိုက်ခိုက်ခံရပြီးတဲ့နောက် တံတားပေါ်မှာ ဖြတ်သန်းသွားလာနေကြတဲ့သူတွေကို အရင်ထက် လုံခြုံရေး ပိုမိုတင်းကျပ် စစ်ဆေးနေတာလို့ ဆိုပါတယ်။
အဆိုပါ တံတားမှာ ပြီးခဲ့တဲ့ရက်ကလည်း သာမန်အရပ်အရပ်သား ၁ ဦးကို ရေး PDF တပ်သားဆိုပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့ ရေးချောင်းတောင် မြစ်ကူးတံတားပေါ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၂၀ ရက် ည ၉ နာရီကျော်လောက်မှာ အရပ်သား ၁ ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေး ချောင်းတောင်ကျေးရွာစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်တွေ မွန်းလွဲ ၃ နာရီလောက်မှာ ဗုံးနဲ့တိုက်ခိုက်ခံရပြီးတဲ့နောက် ညဘက်မှာ လုံခြုံရေးတွေ ပိုမိုတင်းကျပ်လာပြီး မသင်္ကာဖွယ်ရာဖြစ်လို့ဆိုပြီး အခုလို အရပ်သားတဦးကို ပထမဦးဆုံး စတင်ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ မီဒီယာတွေမှာလည်း စစ်ကောင်စီတပ်တွေက လုံခြုံရေးယူနေစဉ် ညဘက်လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်တွေကို ထပ်မံဗုံးခွဲသူလို့ ယူဆပြီး သေနတ်ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဆိုပါ အမည်မသိရ ပစ်ခတ်ခံရသူဟာ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိတဲ့သာမန်ပြည်သူပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီလက်နက်ကိုင်များ၊ ရဲများ၊ စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရားတွင် ပါဝင်ပတ်သက်နေသူများနဲ့ စစ်ကောင်စီကို အကျိုးပြုလုပ်နေသူတို့ရဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သွားလာခြင်းများ မပြုလုပ်ဖို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YSTF) က မေတ္တာရပ်ခံ သတိပေးထားပါတယ်။
အဆိုပါ တံတား စစ်ဆေးရေးဂိတ်မှာ ဒေသခံတွေ စစ်ကောင်စီတပ်ရဲ့ မကြာခဏ စစ်ဆေးခံရတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေကြရတယ်လို့ သိရပါတယ်။