ဒီနေ့မနက်အစောပိုင်း အီတလီမြေမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး နောက် ဘာစီလိုနာအသင်းဘက်က ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်စ်တို့ကို တွစ်တာမှာ လှောင်ပြောင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီ၊ မက်ဆီတို့ရဲ့ သွင်းဂိုးတွေ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်အုပ်စုရဲ့ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
မက်ဆီဟာ ပွဲချိန် ၉၁ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူခဲ့တာဖြစ်ပြီး ဒီပွဲမှာ ဂျူဗင်တပ်စ်ကစားသမား ဒီမီရယ်ဟာလည်း နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
ခေတ်ပြိုင်ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက ၂ ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့အား ပြိုင်မှုအဖြစ် ဒီပွဲကို ဘောလုံးပရိသတ်တွေက မျှော်လင့်ခဲ့ကြပေမယ့် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာကြောင့် ပွဲကို လွဲချော်ခဲ့ပါတယ်။
သူဟာ နိုင်ငံ့လက်ရွေးစင်အသင်းနဲ့အတူရှိနေစဉ်မှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာဖြစ်ပြီး ဆေးစစ်မှုရလဒ်နဲ့ပတ်သက်ပြီးလည်း ဒေါသထွက်ပေါက်ကွဲနေပါတယ်။
ရော်နယ်ဒိုပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့ ဂျူဗီတပ်စ်အသင်းရဲ့တိုက်စစ်ကို တိုက်စစ်မှူး အယ်လ်ဗာတိုမိုရာတာက ဦးဆောင်ခဲ့ပြီး လူကျွံမှုတွေရှိခဲ့တာကြောင့် ဘာစီလိုနာဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။
ပွဲအပြီးမှာ ဘာစီလိုနာအသင်းက လူမှုကွန်ရက်ကနေတစ်ဆင့်ပြိုင်ဘက်ကို လှောင်ပြောင်ခဲ့ပြီး “မင်းတို့ကွင်းမှာတောင် GOAT ဘယ်သူလဲဆိုတာ သိခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်” လို့ မခံချင်အောင်ရေးသားခဲ့ပါတယ်။
ရော်နယ်ဒို နဲ့ မက်ဆီတို့ရဲ့ပြိုင်ဆိုင်မှုကို ရည်ညွှန်းကာ သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားဆိုတဲ့ စကားလုံးရဲ့ အတိုကောက် GOAT လို့ ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။
ဂျူဗင်တပ်စ်၊ ဖီရန်ဗာရို့စ်အသင်းတို့ကို အနိုင်ယူနိုင်ခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ လက်ရှိအုပ် စု G ကို ထိပ်ဆုံးကနေဦးဆောင်နေပြီး ဒုတိယနေရာက ဂျူဗင်တပ်စ်အသင်းကို ၃ မှတ်အသာရရှိထားပါတယ်။
အုပ်စုပြိုင်ဘက်တွေဖြစ်တဲ့ ဖီရန်ဗာရို့စ်နဲ့ ဒိုင်နမိုကိဗ်တို့ပွဲစဉ်မှာတော့ တစ်ဖက်ကို ၂ ဂိုးစီနဲ့သရေကျခဲ့တယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့်သီတင်းပတ်ကုန်ပိုင်းမှာ အလာဗတ်စ်အသင်းနဲ့ လာလီဂါပွဲ ကစားရမှာဖြစ်ပြီး နောက်ထပ်ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဒိုင်နမိုကိဗ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
2 years Ago