ရော်ဂျာစတုန်း

July 11, 2020

အကြံပေး ရော်ဂျာစတုန်းကို သမ္မတ ထရမ့် ပြစ်ဒဏ်လျှော့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူရဲ့ကာလရှည်သူငယ်ချင်းနဲ့အကြံပေး ရော်ဂျာစတုန်း ကို ဇူလိုင်လ ၁၀ ရက်မှာ ထောင်ဒဏ်ပြစ်ဒဏ်ကနေ လျှော့ပေါ့လိုက်ပါတယ်။   အမေရိကန်ရွေးကောက်ပွဲကို ရုရှားဝင်စွက်ဖက်တယ်ဆိုတဲ့ စုံစမ်းရေးမှာ  ရော်ဂျာစတုန်းက  လွှတ်တော်အမတ်တွေကို လိမ်လည်ထွက်ဆိုခဲ့တဲ့အတွက် ပြစ်မှုထင်ရှားခဲ့တာပါ။   စတုန်းရဲ့ပြစ်ဒဏ်ကို လျှော့ပေါ့ပေးတဲ့ သမ္မတထရမ့် ဆုံးဖြတ်ချက်ဟာ ရာဇဝတ်မှုတခု ကနေ လုပ်ဖော်ကိုင်ဖက်ကို ကာကွယ်တဲ့ အတင့်ရဲဆုံး ကြားဝင်စွက်ဖက်မှု ဖြစ်ပါတယ်။ ဒီမိုကရက်တွေက သမ္မတ ထရမ့်ရဲ့လုပ်ရပ်ကို တရားဥပဒေစိုးမိုးမှုအား ထိပါးမှုအဖြစ်  ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ သမ္မတ ထရမ့်နဲ့စတုန်းတို့ရဲ့ ခင်မင်ရင်းနှီးမှုက ဆယ်စုနှစ် ချီပြီး ကြာမြင့်ခဲ့တာပါ။   စတုန်းဟာ ထောင်ဒဏ် ၃ နှစ်နဲ့ ၄ လ ကျခံမယ့်အကြောင်းကို ဇူလိုင် ၁၄ ရက်မှာ  ဖက်ဒရယ်အကျဉ်းထောင်ကို သတင်းပို့ရဖို့ရှိပြီး အဲဒီအချိန် မတိုင်မီ သမ္မတ ထရမ့်က  စတုန်းရဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့လိုက်တယ်လို့ ရိုက်တာမှာ  ဖော်ပြပါတယ်။ 
10 months Ago

February 21, 2020

အမေရိကန်သမ္မတ၏အကြံပေးဟောင်းကို ထောင်ဒဏ်ချမှတ်

အမေရိကန်သမ္မတ ထရမ့်ရဲ့ ကာလရှည်အကြံပေးဟောင်းဖြစ်တဲ့ ရော်ဂျာစတုန်းကို ဖက်ဒရယ်တရားသူကြီးက ဖေဖော်ဝါရီ ၂၀ ရက်မှာ  ထောင်ဒဏ် ၃ နှစ်နဲ့ ၄ လ ချမှတ်ခဲ့ပါတယ်။ ကွန်ကရက်ကို လိမ်လည်မှု၊ တားဆီးမှု၊ သက်သေပျက်ယွင်းအောင် လုပ်မှု စတဲ့ ပြစ်မှု ၇ ခုနဲ့ စတုန်းကို  အပြစ်ရှိကြောင်း ပြီးခဲ့တဲ့နိုဝင်ဘာလက ဆုံးဖြတ်ခဲ့ပါတယ်။  တရားသူကြီးက စတုန်းဟာ သူ့ကို ခြိမ်းခြောက်ခဲ့တယ်လို့ ပြောခဲ့ပေမဲ့ သမ္မတ ထရမ့်ကတော့ စတုန်းကို အဲဒီစွပ်စွဲချက်ကနေ လွှတ်ပေးသင့်လို့ ပြောခဲ့ပါတယ်။   အသက် ၆၇ နှစ်အရွယ် စတုန်းဟာ ထရမ့်ရဲ့ ဆယ်စုနှစ်ကြာ မိတ်ဆွေနဲ့ အကြံပေးတယောက် ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ၂၀၁၆ ထရမ့်ရဲ့ မဲဆွယ်ပွဲမှာ ရုရှားဝင်စွက်ဖက်တယ်ဆိုတဲ့  စုံစမ်းရေးနဲ့ပတ်သက်ပြီး ရော်ဂျာစတုန်းဟာ ၆ ယောက်မြောက် ပြစ်ဒဏ်ချမှတ်ခံရတဲ့ ထရမ့်လက်ထောက်ဟောင်း တယောက်လည်း ဖြစ်ပါတယ်။  ဒါ့အပြင်  စတုန်းဟာ အမေရိကန်ဒေါ်လာ ၂ သောင်း ဒဏ်ကြေးဆောင်ရပြီး လူမှုအကျိုးပြု လုပ်ငန်းတွေကို နာရီပေါင်း ၂၅၀ လုပ်ရမယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ 
1 year Ago
Up