ရောဘတ် ဝီလ်ဆင်

October 13, 2020

စတန်းဖို့ဒ်တက္ကသိုလ်က စီးပွားရေး ပညာရှင် ၂ ဦး  စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရ

ကမ္ဘာတဝန်း ပစ္စည်းပေါင်းစုံကို လေလံတင်ရာမှာ ဝယ်သူရော ရောင်းသူပါ အကျိုးရှိစေမယ့် လေလံသီအိုရီကို ဖော်ထုတ်မှုအတွက် အမေရိကန် ပညာရှင် ပေါလ် မီဂရောင်းနဲ့ ရောဘတ် ဝီလ်ဆင်တို့ဟာ ၂၀၂၀ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို အောက်တိုဘာ ၁၂ ရက်က ရသွားကြပါတယ်။ စတန်းဖို့ဒ်တက္ကသိုလ်က စီးပွားရေးပညာရှင် ၂ ယောက်ရဲ့ ထိုးထွင်းသိမြင်နိုင်တဲ့ ဉာဏ်စွမ်းတွေထဲမှာ လေလံဆွဲသူက အလွန်အကျွံ ငွေပေးပြီး လေလံနိုင်အောင်လုပ်တဲ့ အနိုင်ရသူရဲ့ ကျိန်စာ ဆိုတဲ့ အခြေအနေကို ရှောင်ဖို့ ဘယ်လိုလုပ်မလဲ ဆိုတာနဲ့ လေလံဆွဲသူတွေက ပြိုင်ဖက်တွေရဲ့ တန်ဖိုးထားမှုဆိုင်ရာ ခံစားချက်ကို ဘယ်အချိန်မှာ ပိုကောင်းကောင်း နားလည်နိုင်မလဲဆိုတာ ရှင်းပြထားတဲ့ အချက်လည်း ပါပါတယ်။ “လေလံပွဲတွေဟာ နေရာတိုင်းမှာရှိနေတယ်။ ကျနော်တို့ရဲ့ နေ့စဉ် လူနေမှုဘဝကို သက်ရောက်နေတယ်။ ဒီနှစ်မှာ စီးပွားရေး သိပ္ပံ ပညာရှင် ပေါလ် မီလ်ဂရောင်းနဲ့ ရောဘတ်ဝီလ်ဆင်တို့ဟာ လေလံသီအိုရီကို အဆင့်မြှင့်ခဲ့ပြီး လေလံပုံစံအသစ်ကို တီထွင်ခဲ့တယ်။ ဒါကြောင့် ကမ္ဘာတဝန်း အခွန်ထမ်းတွေ ရောင်းသူ ဝယ်သူတွေ အကျိုးရှိခဲ့တယ်” လို့ နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီရဲ့ တရားဝင် တွစ်တာ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။  အစဉ်အလာ အရ စီးပွားရေး ဆိုင်ရာ နိုဘယ်ဆုကို ဆေးပညာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ စာပေနဲ့ ငြိမ်းချမ်းရေး နယ်ပယ်တွေက ထူးချွန်သူတွေကို ပေးအပြီးမှာ နောက်ဆုံးအနေနဲ့ ပေးလေ့ရှိပြီး ဆွီဒင်ငွေ ခရောင်း ဆယ်သန်းကို ရရှိမှာ ဖြစ်ပါတယ်။  ဒီဆုဟာ စက်မှုလုပ်ငန်းရှင်နဲ့ ဒိုင်းနမိုက်ကို တီထွင်သူ အဲဖရက် နိုဘယ်ရဲ့ သေတမ်းစာအရ ပေးတဲ့ နိုဘယ်ဆု ငါးခု စာရင်းမှာ အစက မပါဝင်ဘဲ ၁၉၆၉ ခုနှစ်မှာမှ ဆွီဒင် နိုင်ငံဆိုင်ရာ ဗဟိုဘဏ် က စတင်တည်ထောင်ပြီး ပထမဆုံး ဆုချီးမြှင့် ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ကပ်ဘေးကြောင့် နော်ဝေ နိုဘယ်ကော်မတီဟာ လာမယ့် ဒီဇင်ဘာ ၁၀ ရက်မှာ  ဆုပေးပွဲကို အကျဉ်း ကျင်းပဖို့ စီစဉ်ထားတယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြပါတယ်။
7 months Ago
Up