ရောင်းချရေး

August 3, 2020

TikTok ကို မိုက်ခရိုဆော့ဖ်ထံ ရောင်းချရေး ၄၅ ရက် အချိန်ပေးမည်

တရုတ်ပိုင် ဘိုက်ဒန့်စ်ကုမ္ပဏီ TikTok အပလီကေးရှင်းကို အမေရိကန်ရဲ့ မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်းဆီ ရောင်းဖို့ ၄၅ ရက် အချိန်ပေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သဘောတူထားတယ်လို့ သိရပါတယ်။ TikTok အပလီကေးရှင်းဟာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကိုင်တွယ် သုံးစွဲပုံကြောင့် အမေရိကန်အတွက် ဘေးရှိတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။  တကယ်လို့ TikTok အား မိုက်ခရိုဆော့ဖ်ဆီကို မရောင်းဘဲ ပယ်ချခဲ့ပါက အမေရိကန်နိုင်ငံထဲမှာ TikTok မသုံးဖို့ တားမြစ်ပိတ်ပင်ရေး စီစဉ်နေတယ်လို့ ထရမ့်က ဇူလိုင် ၃၁ ရက်မှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဘိုက်ဒန့်စ်ဆီက TikTok ကို ဝယ်ဖို့ ညှိနှိုင်းမှုတွေ ဆက်လုပ်ပြီး စက်တင်ဘာ ၁၅ ရက်မှာ သဘောတူညီချက်ရဖို့ ရည်မှန်းထားတယ်လို့ မိုက်ခရိုဆော့ဖ်ရဲ့ အမှုဆောင်အရာရှိချုပ် စတ်ယာ နာဒယ်လာနဲ့ ထရမ့်ကြား ဆွေးနွေးမှုအပြီးမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ထရမ့် စိတ်ပြောင်းမလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ နိုဝင်ဘာမှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲအကြိုကာလမှာ TikTok ကို တားမြစ်ပိတ်ပင်လိုက်ပါက လူငယ် သုံးစွဲသူတွေ အများအပြားကို စိတ်ပျက်အောင် လုပ်သလို ဖြစ်နိုင်တဲ့အပြင် တရားရေး စိန်ခေါ်မှုလှိုင်းတွေကို ချဲ့ကားသလိုလည်း ဖြစ်နိုင်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ ထင်ရှားတဲ့ ရီပတ်ဗလစ်ကင် ပါတီဝင်အမတ်တွေ အတော်များများကလည်း TikTok ကို မိုက်ခရိုဆော့ဖ်ဆီ ရောင်းရေး ကျောထောက်နောက်ခံပေးဖို့ ထရမ့်ကို တိုက်တွန်းတဲ့ ကြေညာချက်ကို ထုတ်ပြန်ထားပါတယ်။
1 year Ago
Up