စင်ကာပူအစိုးရဟာ ဓာတ်ခွဲခန်းထုတ် ကြက်သားကို ရောင်းဖို့ ခွင့်ပြုလိုက်တာကြောင့် သားသတ်ရုံက ထွက်လာတဲ့ အသားမဟုတ်ဘဲ သန့်ရှင်းတဲ့ အသားကို ရောင်းချခွင့်ပြုတဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံ ဖြစ်လာတယ်လို့ အမေရိကန်လုပ်ငန်း start-up Eat က ဒီဇင်ဘာ ၂ ရက်မှာ ပြောပါတယ်။
ဓာတ်ခွဲခန်းထုတ် ကြက်သားကို အသားတုံးအဖြစ်နဲ့ အရည်အသွေး အကောင်းဆုံး ကြက်သားဈေးနဲ့ ရောင်းချမှာဖြစ်ပြီး မကြာခင် စင်ကာပူစားသောက်ဆိုင်တဆိုင်မှာ စတင် ရောင်းချ မယ်လို့ လုပ်ငန်း ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ဂျော့ရှ် တက်ထရစ်က ပြောပါတယ်။
သဘာဝပတ်ဝန်းကျင် ၊ ကျန်းမာရေးနဲ့ တိရစ္ဆာန် စောင့်ရှောက်ရေးတို့အတွက် စိုးရိမ်နေကြ ချိန်မှာ အစားထိုးအသားတွေအတွက် ဈေးကွက် တောင်းဆိုမှု မြင့်မားနေပါတယ်။
လူဦးရေ ၅ ဒသမ ၇ သန်းရှိတဲ့ စင်ကာပူနိုင်ငံမှာ စားနပ်ရိက္ခာ လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်တာပါ။
လာမယ့်ဆယ်စုနှစ်မှာတော့ စင်ကာပူဟာ အဆင့်မြင့်နည်းပညာသုံး မွေးမြူစိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှု နည်းလမ်းသစ်တွေကို ပံ့ပိုးပြီး စားနပ်ရိက္ခာ ထုတ်လုပ်မှု မြှင့်တင်ဖို့ ရည်မှန်းချက် ကြီးကြီး စီစဉ်နေပါတယ်။
3 months Ago