ရောဂါပိုးမတွေ့

September 26, 2020

ရောဂါပိုးမတွေ့သဖြင့် ရွေးကောက်ပွဲ သတင်းရေးသားနည်းသင်တန်းဆရာအပါအဝင် ၁၈ ဦး နေရပ်ပြန်ခွင့်ရ

ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့လို့ ပြည်မြို့ မင်္ဂလာဂါးဒန်းဟိုတယ်မှာ ကွာရန်တင်းဝင်နေတဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားနည်းသင်တန်းက သင်တန်းဆရာအပါအဝင် ၁၈ ဦး ဓာတ်ခွဲနမူနာ နှစ်ကြိမ်စစ်ဆေးရာမှာ ရောဂါပိုးမတွေ့တာကြောင့် စက်တင်ဘာ ၂၅ ရက်နေ့ နေရပ်ပြန်ခွင့်ရပြီလို့ သိရပါတယ်။ သူတို့ ၁၈ ဦးဟာ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့လို့ စက်တင်ဘာ ၈ ရက်နေ့က စတင်ကာ ကွာရန်တင်း ဝင်ရောက်နေကြတာဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်နေ့က ဓာတ်ခွဲနမူနာ စစ်ဆေးခဲ့တာပါ။ သင်တန်းဆရာဖြစ်တဲ့ ဦးဇေယျာလှိုင်က "၂၅ ရက်နေ့က ပဲခူးတိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာရန်နိုင်မောင်ကနေ ကျနော်တို့ စစ်ဆေးထားတဲ့ swab test ​အဖြေက ၁၈ ယောက်လုံး အားလုံး negative ဖြစ်တယ်လို့ အကြောင်းကြား လာပါတယ်။ ၂ ကြိမ်လုံး negative ထွက်ခဲ့တယ်။ အဲ့ဒါကြောင့် အိမ်ပြန်လာလို့ရပါပြီ။ ဒါပေမဲ့ ကျနော်တို့က ကွာရန်တင်းထဲမှာ ၁၄ ရက်မကဘဲ ၁၇ ရက် နေရတယ်။ အဲ့တော့ ၂၁ ရက်ပြည့်အောင် နောက်ထပ် ၄ ရက်ကတော့ Home Stay နေပါဆိုပြီး သေချာမှာလိုက်ပါတယ်" လို့ DVB ကို ပြောပါတယ်။  နေရန်ပြန်ဖို့ စာရွက်စာတမ်းတွေ ပြုလုပ်ပေးလိုက်တာကြောင့် ဂိတ်တွေ ဖြတ်တဲ့အခါ ပြဿနာမရှိပေမဲ့ ပဲခူးတိုင်းက ကားက ပဲခူးတိုင်းနယ်စပ်အထိပို့ပြီး ရန်ကုန်ကားက နယ်စပ်အထိ လာကြိုရတဲ့ အခက်အခဲတော့ ရှိခဲ့တယ်လို့ ဦးဇေယျာလှိုင်က ပြောပါတယ်။ သူတို့အဖွဲ့ ပြည်မြို့ကို ရောက်ပြီးနောက် ၈ ရက်မြောက်နေ့ သင်တန်းပို့ချနေချိန်မှာပဲ ကားဆရာရဲ့ အမျိုးသမီးဖြစ်သူမှာ ရောဂါပိုးတွေ့ရှိပြီး ကားဆရာကို စစ်ဆေးရာမှာလည်း ရောဂါပိုးတွေ့ရှိခဲ့တာပါ။ အဲဒီနောက် ဓာတ်ခွဲနမူနာစစ်ဆေးချက်အရ သင်တန်းကို ထောက်ပံ့ပေးတဲ့ ANFERL အဖွဲ့က ၁ ဦးနဲ့ လက်ထောက်သင်တန်းဆရာ ၁ ဦးတို့မှာ ပိုးတွေ့ရှိခဲ့တာပါ။ သတင်း - ၀ဏ္ဏထွန်း
7 months Ago

September 13, 2020

မိတ္ထီလာက ကိုဗစ်၁၉ လူနာများနှင့် ထိတွေ့ခဲ့သူ ၂၉ ဦး ရောဂါပိုးမတွေ့

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄ ဦးနဲ့ ထိတွေ့ဆက်စပ်သူ ၂၉ ဦးရဲ့ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေကို ဓာတ်ခွဲစစ်ဆေးရာ ရောဂါပိုးမတွေ့ဘူးလို့ သိရပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက “မန္တလေးကို ပို့ပြီး ဓာတ်ခွဲစစ်ဆေးတာ ပိုးမတွေ့ဘူး၊ Negative အဖြေထွက်တယ်။ ပိုးတွေ့လူနာတွေကတော့ မိတ္ထီလာဆေးရုံမှာ ဆေးကုသနေတယ်” လို့ ပြောပါတယ်။ မြို့နယ်ကြီးကြပ်စစ်ဆေးရေးအဖွဲ့ ဦးအောင်ကြိုင်က “မြို့အဝင်အထွက်တွေ စစ်ဆေးနေရတယ်။ ပိုးတွေ့လူနာနဲ့ ဆက်စပ်သူ ၂၉ ဦးလုံးလည်း Negative ပါ။ အားလုံးလည်း ပို့ဆက်ကျောင်း နဲ့ ဟိုတယ် ၁ ခုမှာ Quarantine ဝင်နေကြတယ်” လို့ ပြောပါတယ်။ မိတ္ထီလာမှာ စက်တင်ဘာလ ၉ ရက်ညက ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၄ ဦး တွေ့ရှိခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေက ပြန်လာတဲ့ လူနာအမှတ် ၁၉၇၃၊ လှိုင်သာယာက မိတ္ထီလာကို လာတဲ့ လူနာအမှတ် ၁၉၇၀၊ ဇနီးဖြစ်သူ လူနာ ၁၉၇၂ နဲ့ သမီးဖြစ်သူ ၁၉၇၁ တို့ဟာ မိတ္ထီလာဆေးရုံ အထူးကုသဆောင်မှာ ဆေးကုသမှုခံယူနေတာလည်း ဖြစ်ပါတယ်။ မိတ္ထီလာဆေးရုံက ပိုးတွေ့လူနာတွေ ကျန်းမာရေးကောင်းကြတယ်လို့ မျိုးဆက်သစ်မြတ်ပါရမီ လူမှုကယ်ဆယ်ရေးအသင်းမှ ဦးကျော်ကိုကိုက ပြောပါတယ်။ သတင်း-မောင်မောင်လင်း
8 months Ago
More News
Up