ရောဂါပိုးကင်းစင်

September 23, 2020

မကွေးတိုင်းက ကိုဗစ်-၁၉ လူနာ ၃ ဦး ရောဂါပိုးကင်းစင်၊ ၅ ဦးဆေးရုံမှဆင်း 

မကွေးတိုင်းဒေသကြီးက ဆေးရုံတွေမှာတက်ရောက်နေတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦးရောဂါပိုးကင်းစင်သွားကြီး  ၅ ဦးကိုတော့  ကျန်းမာရေးကောင်းမွန်တဲ့အတွက် ဆေးရုံဆင်းခွင်ပြုလိုက်ပြီလို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက "ကိုဗစ်ပထမလှိုင်းမှာတွေ့ရှိခဲ့တဲ့ လူနာ ၃ ဦးကတော့ ရောဂါပိုး ကင်းစင်သွားပြီး ဒုတိယလှိုင်းထဲက အတည်ပြုလူနာတွေထဲက မကွေးမြို့နယ် ၁ ဦး ၊မင်းလှမြို့နယ် ၁ ဦး၊ အောင်လံမြို့နယ် ၁ ဦးနဲ့ နတ်မောက်မြို့နယ်က ၂ ဦးကို ကျန်းမာရေးကောင်းမွန်တဲ့အတွက် ဆေးရုံဆင်းခွင့်ပေးလိုက်ပြီ။"လို့ ဒီဗွီဘီကို ပြောပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းက ဆေးရုံတွေမှာ တက်ရောက်ကုသနေတဲ့ စောင့်ကြည့် သံသယ လူနာ ၈၆ ဦး ရှိပြီးတော့ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်တွေ ရယူကာ ဓာတ်ခွဲနမူနာ ပေးပို့ထားတယ်လို့သိရပါတယ်။ မကွေးတိုင်းအတွင်းက မြို့နယ် ၈ ခုမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၈ ဦးတွေ့ရှိခဲ့တာဖြစ်ပြီးတော့ ဆေးကုသမှု ခံယူနေကြတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀ ဦးကတော့ လက်ရှိအချိန်ထိ ကျန်းမာရေး ကောင်းမွန်နေပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းက ကွာရန်တင်းစင်တာတွေမှာ လူဦးရေ ၄၀၀၀ ကျော်လောက်ရှိနေပြီး ဓာတ်ခွဲအဖြေစောင့်ဆိုင်းတဲ့ အရေအတွက် ၄၀၀ ကျော်လောက် ကျန်ရှိနေပါတယ်။ သတင်း-မင်းထီး
8 months Ago

August 4, 2020

ရခိုင်ပြည်နယ်က ကိုဗစ်-၁၉ လူနာအားလုံး ရောဂါပိုးကင်းစင်

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ည ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ လူနာရောဂါပိုးကင်းစင်သွားသူ ၄ ယောက်ထပ်ရှိလာရာ အဲဒီအထဲက ရခိုင်ပြည်နယ်က ၂ယောက်ပါတာကြောင့် ရခိုင်ပြည်နယ်က ပိုးတွေ့လူနာ ၁၆ ယောက်လုံး ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သွားပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မောင်တောမှာ ၁၀ ယောက်၊ ဘူးသီးတောင်မှာ ၂ ယောက်၊ သံတွဲမှာ ၁ ယောက်၊ တောင်ကုတ်မှာ ၁ ယောက်၊ စစ်တွေမှာ ၁ ယောက်၊ ကျောက်တော်မှာ ၁ ယောက် စုစုပေါင်း ၁၆ ယောက်တွေ့ရှိထားပြီး အဲထဲက ၁၄ ယောက်မှာ ရောဂါပိုးကင်းစင်သွားပြီးနောက် ကျန်ရှိတဲ့ မောင်တောမြို့နယ်က လူနာနံပတ် ၃၄၈နဲ့ လူနာနံပတ် ၃၂၆ တို့ ၂ ယောက်ဟာလည်း ရောဂါပိုးကင်းစင်သွားပြီဖြစ်တာကြောင့် ရခိုင်ပြည်နယ်က ပိုးတွေ့လူနာ ၁၆ ယောက်လုံး ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သွားပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မနက်၈နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၅၅ ဦးရှိပြီဖြစ်ပြီး ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၀၂ ဦးရှိ ပြီဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်တွေထဲမှာတော့ ကယားပြည်နယ်မှာ အခုအချိန်ထိ ရောဂါပိုးတွေ့ရှိသူ မတွေ့ခဲ့ဘဲ၊ ကျန်ပိုးတွေ့လူနာရှိခဲ့တဲ့ ပြည်နယ်နဲ့တိုင်းတွေထဲက မွန်၊ ကချင်၊ ရှမ်း၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီနဲ့ နေပြည်တော်တို့မှာ ရောပိုးကင်းစင်သွားပြီဖြစ်ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
9 months Ago
Up