ရောဂါခြေချုပ် ရက်ကန့်သတ်ချက်

June 22, 2021

ကိုဗစ်-၁၉ ရောဂါခြေချုပ်နေရမည့် ရက်ကန့်သတ်ချက် ဟောင်ကောင် လျှော့ချ

ဟောင်ကောင်ကို ရောက်လာတဲ့ ကာကွယ်ဆေးထိုးပြီးသား လူတွေအတွက် ရောဂါခြေချုပ်နဲ့ နေရမယ့် ကန့်သတ်ချက်ကို ၁၄ ရက်ကနေ ၇ ရက်ထိ လျှော့ချမယ်လို့ ဟောင်ကောင်အစိုးရက ဇွန်လ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ဆန့်ကျင်နိုင်တဲ့ ပဋိပစ္စည်း လုံလောက်အောင် ပြနိုင်တဲ့ ခရီးသည်တွေအတွက် ခုလို လျှော့ချပေးတာလို့လည်း ဟောင်ကောင် ခေါင်းဆောင် ကယ်ရီလမ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီသတ်မှတ်ချက်အသစ်ဟာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးတာ ၁၄ ရက် ရှိပြီကြောင်း မှတ်တမ်းရေးသွင်းထားသူတွေပဲ အကျုံးဝင်ကာ သတ်မှတ်ချက်အသစ်ဟာ ဒီလကုန်ကစပြီး အကျိုးသက်ရောက်မယ်လို့ ဆိုပါတယ်။

ကူးစက်ကပ်ဘေး အင်မတန်မြင့်မားတဲ့ နိုင်ငံတွေကနေ ရောက်လာသူတွေကတော့ ရောဂါခြေချုပ် ၂၁ ရက် စည်းမျဉ်းက ဆက်ပြီးရှိနေမယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

တရုတ်ပြည်မကြီးအစိုးရက အုပ်ချုပ်တဲ့ ဟောင်ကောင်မှာ ဒေသခံတွေ နိုင်ငံခြားက ပြန်ရောက်လာပါက ဟိုတယ်မှာ ရောဂါခြေချုပ်နဲ့ ၂၁ ရက် မဖြစ်မနေ နေထိုင်ဖို့ အတင်းကျပ်ဆုံး ရောဂါခြေချုပ် စည်းမျဉ်းကို ချမှတ်ထားခဲ့တာပါ။

မြို့လူဦးရေ ၇ ဒသမ ၅ သန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ အစိုးရက ကြိုးစားနေချိန်မှာ ခုလို ရောဂါခြေချုပ်ကာလကို လျှော့ချပေးခဲ့တာပါ။

ဖေဖော်ဝါရီလကစပြီး ကာကွယ်ဆေးထိုးဖို့ စီစဉ်ခဲ့ပေမယ့် မြို့ခံ ၁၇ ရာခိုင်နှုန်းသာ ကာကွယ်ဆေး ထိုးဆေး ၂ လုံးအပြည့် ထိုးလို့ပြီးသေးတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

7 months Ago
Up