ရောဂါခြေချုပ်

September 8, 2020

ဂရိ ကျွန်း ၇ ကျွန်းကို အင်္ဂလန်၏ ရောဂါခြေချုပ်စာရင်းတွင် ထည့်သွင်း 

ဂရိနိုင်ငံပိုင်ကျွန်း ၇ ကျွန်းကို အင်္ဂလန်ရဲ့ ရောဂါခြေချုပ်စာရင်းထဲ ထည့်လိုက်ပြီလို့ ဗြိတိန် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဂရန့်ရှပ်ပ်စ်က စက်တင်ဘာ ၇ ရက်မှာ ပြောလိုက်ပါတယ်။ ကိုဗစ်-၁၉ ကူးစက်နှုန်းအပေါ် မူတည်ပြီး တကျွန်းချင်းရဲ့ အချက်အလက်အပေါ် အခြေခံပြီး စည်းမျဉ်းတွေကို ချမှတ်နိုင်မယ့် သတင်းအချက်အလက်တွေကိုရဖို့ ခုလိုလုပ်တာလို့ သူက ကြေညာပါတယ်။ ဂရိနိုင်ငံထဲက လယ်စ်ဗို့စ်၊ တီနို့စ်၊ ဆရေီဖို့စ်၊ ခရေတေ၊ စန်တိုရီနီနဲ့ ဇာကင်သို့စ် ကျွန်းတွေကနေ အင်္ဂလန်ကို ရောက်လာတဲ့ ခရီးသည်တွေဟာ ရောက်ရောက်ချင်း ရောဂါ ခြေချုပ် ၁၄ ရက် နေရမှာပါ။ ဒီစည်းမျဉ်းဟာ စက်တင်ဘာ ၉ ရက်မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။ နိုင်ငံတွေကြား မတူခြားနားတဲ့ ကျွန်းတွေကြားမှာ မတူတဲ့ စည်းမျဉ်းတွေ ချမှတ်ခွင့်ပြုမယ့် ပိုအသေးစိတ်တဲ့ ရောဂါခြေချုပ် မူဝါဒသစ်အစိတ်အပိုင်းအနေနဲ့ ဝန်ကြီးက လွှတ်တော်မှာ ကြေညာခဲ့တာပါ။ အရင်သီတင်းပတ်ကတော့ ဗြိတိန်နိုင်ငံ ဝေလနယ်ဟာ သူ့ရောဂါခြေချုပ်စာရင်းထဲမှာ ဂရိကျွန်း ၆ ကျွန်း ထပ်ဖြည့်ခဲ့ပါတယ်။ စကော့တလန်ကတော့ ဂရိတနိုင်ငံလုံး နေရာအသီးသီးက ရောက်လာသူ အားလုံးကို ကန့်သတ်ချက်အောက်မှာ ထားခဲ့ပါတယ်။ စပိန်၊ ပြင်သစ်နဲ့ ပေါ်တူဂီနိုင်ငံတွေ အပါအဝင် ဗြိတိန်ရဲ့ လူကြိုက်အများဆုံး အပန်းဖြေနေရာတွေကနေ ပြန်လာသူတွေ လိုက်နာရမယ့် စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး အပြောင်းအလဲ လုပ်ပေးဖို့ လေကြောင်းလိုင်းတွေနဲ့ ခရီးသွားလုပ်ငန်းရှင်တွေက တောင်းဆိုကြပါတယ်။ စပိန်ကတော့ သူ့နိုင်ငံ ကုန်းမကြီးထက်စာရင် ကျွန်းတွေဘက်မှာ ကူးစက်မှု ပိုနည်းလို့ သူတို့ အဲဒီကျွန်းတွေကနေ အိမ်ပြန်ရောက်ချိန် ရောဂါခြေချုပ်နဲ့ မထားဖို့နဲ့ ပိုသက်ညှာတဲ့ စည်းမျဉ်းတွေကို ကျင့်သုံးဖို့ ဗြိတိန်အစိုးရကို တိုက်တွန်းပါတယ်။
8 months Ago

May 3, 2020

ပြင်သစ်နိုင်ငံလာမည့်သူများ ရောဂါခြေချုပ်အပါအဝင် ကန့်သတ်မှုများ ခံရမည်

အိမ်ပြန်မယ့် ပြင်သစ်နိုင်ငံသားတွေအပါအဝင် ပြင်သစ်နိုင်ငံကို လာမယ့်သူတွေဟာ ပြင်သစ်မြေပေါ် ခြေချတာနဲ့ တပြိုင်နက် ရောဂါခြေချုပ်နဲ့ အသွားအလာ ကန့်သတ်ခံရမယ့်အပြင် တယောက်တည်း သီးခြားနေရလိမ့်မယ်လို့ ကျန်းမာရေးဝန်ကြီးက မေ ၂ ရက်မှာ ပြောပါတယ်။  ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်ဝင်ခွင့် မလိုတဲ့ ကန့်သတ်ဧရိယာ ရွှမ်ဂံဒေသအပြင်က ခရီးသည်တွေဟာ ပြင်သစ်နိုင်ငံထဲကို လာချင်ရင် ၁၄ ရက် ရောဂါခြေချုပ်နဲ့ အသွားအလာ ကန့်သတ်ခံရမယ်လို့ အပတ်စဉ် အစိုးရအဖွဲ့အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ပြင်သစ်နိုင်ငံကို လာချင်တဲ့ လူတိုင်းဘယ်သူမဆို ရောဂါခြေချုပ်နဲ့ နေရလိမ့်မယ်လို့ ဝန်ကြီးက ပြောပေမယ့် လူတွေဟာ ကိုယ့်အိမ်မှာ ရောဂါခြေချုပ် နဲ့ နေရမှာလား၊ ဒါမှမဟုတ် သတ်မှတ်ဟိုတယ်တွေမှာ သီးခြားနေရမှာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။  ဒါ့အပြင် ပြင်သစ်အစိုးရဟာ အရေးပေါ်အခြေအနေ ထုတ်ပြန်ချက်ကို ဇူလိုင် ၂၄ရက်ထိ သက်တမ်းတိုးခဲ့ပါတယ်။  ဒါကြောင့် အစိုးရဟာ အမိန့်အရ လူတွေ လွတ်လပ်စွာ သွားလာခွင့်ကို ကန့်သတ်နိုင်ပါတယ်။  တရားသူကြီးတွေဟာလည်း လူတွေကို သီးခြား ခွဲထားဖို့ ဆုံးဖြတ်ချက်တွေကို စေ့စေ့စပ်စပ် ဆုံးဖြတ်နိုင်မယ်လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။
1 year Ago
More News
Up