သြစတြေးလျနိုင်ငံမှာ လောင်နေတဲ့ မီးတွေကြောင့် တောင်အမေရိကတိုက် ချီလီနိုင်ငံအလယ်ပိုင်းက ကောင်းကင်ယံအထိပါ မီးခိုးတွေ ရောက်လာလို့ မှုန်မှိုင်းနေပါတယ်။
အာဂျင်တီးနားနိုင်ငံ ဗျူးနော့စ်အေးရီးစ်မြို့တော်ရဲ့ ဆည်းဆာကောင်းကင်ကတော့ နီရဲနေတယ်လို့ သတင်းတွေကို ကိုးကားပြီး ကမ္ဘာ့မိုးလေဝသဌာနကြီး WMO က ဇန်နဝါရီ ၇ ရက်မှာ ပြောဆိုလိုက်တာပါ။
မီးတွေကြောင့် သြစတြေးလျနိုင်ငံရဲ့ မြို့ကြီးတွေမှာ လေထုအရည်အသွေးက လူ့ကျန်းမာရေးကို အန္တရာယ်ရှိတဲ့အဆင့်ထိ ရောက်လာတယ်။ နယူးဇီလန်ကို ပြန့်လာတဲ့အပြင် ခုတော့ မိုင်ထောင်ချီဝေးတဲ့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး တောင်အမေရိကထိ ရောက်လာပြီလို့ WMO ရဲ့ ပြောခွင့်ရ ကလဲရာနူးလစ်စ်က သတင်းထောက်တွေကို ဂျီနီဗာမြို့မှာ ပြောပါတယ်။
မီးခိုးတွေဟာ အန္တာတိကတိုက်ထိ ရောက်နိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
သြစတြေးလျနိုင်ငံမှာ လေးလကျော်ကြာ လောင်နေတဲ့ တောမီးကြောင့် မြေဧက ၁၉ ဒသမ ၈ သန်း လောင်ကျွမ်းခဲ့ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ၄၀၀ မက်ဂါတန်ထိ လေထဲရောက်ခဲ့တယ်လို့ ဥရောပသမဂ္ဂရဲ့ ကော့ပါးနီးကတ်စ် စောင့်ကြည့်ရေးအစီအစဉ်က ဇန်နဝါရီ ၇ ရက်မှာ ပြောပါတယ်။
နယူးဇီလန်နိုင်ငံက ရေခဲမြစ်တွေထဲမှာ အညိုရောင် ကြပ်ခိုးအနည်မှုန်တွေ တွေ့တာကြောင့် ရေခဲမြစ်တွေ အရည်ပျော်နှုန်းကို မြင့်တက်စေမယ့် အလားအလာ ရှိတယ်လို့လည်း ကော့ပါးနီးကတ်စ်က ပြောပါတယ်။
သြစတြေးလျ အစိုးရကတော့ ရာသီဥတု ပြောင်းလဲမှုနဲ့ မီးလောင်မှု တိုက်ရိုက် ပတ်သက်တာ မရှိဘူးလို့ ပြောပါတယ်။
နူးလစ်စ်ကတော့ ရာသီဥတု ပြောင်းလဲမှုက အခန်းကဏ္ဍတခုအဖြစ် ပါနေတာ သံသယဖြစ်စရာမရှိဘဲ ရာသီဥတုပြောင်းလို့ ပိုခြောက်သွေ့လာတာလို့ ပြောပါတယ်။
1 year Ago