ရေလျှံ

September 20, 2020

သာကေတ မိကျောင်းမွေးမြူရေးစခန်းတွင် ထူးကဲဒီရေတက်ပြီး ရေလျှံ

ရန်ကုန်မြို့၊ သာကေတမိကျောင်းမွေးမြူရေးစခန်းမှာ စက်တင်ဘာ ၂၀ ရက်နေ့ မနက်အစောပိုင်းက ငမိုးရိပ်ချောင်းက ထူးကဲဒီရေတက်တဲ့အတွက် ရေလျှံနေပြီး သတ်မှတ်ထားတဲ့ စိုးရိမ်ရေမှတ် မရောက်တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ မိကျောင်းမွေးမြူထိန်းသိမ်းရေးစခန်းတာဝန်ရှိသူက ပြောပါတယ်။ “မိကျောင်းတွေရဲ့ လုံခြုံရေးစိုးရိမ်စရာမရှိပါဘူး။ မိကျောင်းတွေနဲ့ဝန်ထမ်းတွေ ဘေးအန္တရာယ်ကင်းဖို့ အထူးသတိပြုဆောင်ရွက်ထားပါတယ်” လို့ သာကေတမိကျောင်းမွေးမြူထိန်းသိမ်းရေးစခန်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မျိုးမင်းလှိုင်က ပြောပါတယ်။ အခုတကြိမ် ငမိုးရိပ်ချောင်းရေ ဒီရေတက်တာဟာ အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် ရေပိုများလာတာလို့ ဆိုပါတယ်။  ရေတက်တယ်ဆိုပေမယ့် စိုးရိမ်ရလောက်အောင် တက်တာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။  ၂၀၁၈ခု နှစ်တုန်းကလည်း ဒီရေတက်ခဲ့ဖူးပြီး အခုတစ်ကြိမ် ရေတက်တာဟာ အဲဒီတုန်းကလောက် မများဘူးလို့ ဒေါက်တာမျိုးမင်းလှိုင်က ပြောပါတယ်။ “မိကျောင်းကန်တွေကို ထိန်းတဲ့ရေထိန်းနံရံတွေ ဆောက်ထားပြီးသားပါ။ စိုးရိမ်စရာမရှိပါဘူး။”  သာကေတမိကျောင်းမွေးမြူရေးစခန်းကို ၁၉၉၇ ခုနှစ်မှာ အပန်းဖြေစခန်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ စာရင်းတွေအရ မိကျောင်းကောင်ရေ ၅၅၀ ကျော် မွေးမြူထားပါတယ်။
8 months Ago

February 13, 2020

သြစတြေးလျကမ်းရိုးတန်းတလျှောက် ရေကြီး 

သြစတြေးလျအရှေ့ပိုင်း ကမ်းရိုးတန်းတလျှောက်မှာ  ဖေဖော်ဝါရီ ၁၃ ရက်က မိုးကြီးတာကြောင့် နယူးဆောက်ဝေးနဲ့ ကွင်းစလန်း ပြည်နယ်တွေမှာ မြစ်ချောင်းတွေ ရေလျှံနေပြီး လမ်းတွေနဲ့ နေအိမ်တွေ ရေမြုပ်နေပါတယ်။ ရေကြီးတာကို ကြုံတွေ့ခဲ့သူ အမ်မလီကလည်း ဆူနာမီလို အဖြစ်အပျက်ပဲလို့ ပြောခဲ့ပါတယ်။  ဒါပေမဲ့ မိုးရွာ မနေဘဲ ဖွဲဖွဲလေးသာ ကျနေတဲ့ အကြောင်း သူတို့ မြင်းတွေယူဖို့ ပြေးထွက်ပြီး မြင်းဇောင်းရောက်တဲ့အခါမှာတော့ ရေက ရင်ဘတ်လောက်ထိ ရောက်နေတယ်လို့ လည်း ပြောပါတယ်။ မြင်းတွေကို ပြန်ခေါ်ချိန်မှာတော့ အိမ်ထဲရေတွေ ဝင်နေပြီး အားလုံးရေတွေ စိုကုန်တယ်လို့ အမ်မလီက ပြောပြပါတယ်။ မိုးခေါင်ကာလအတွင်း  လာမယ့်ရက်တွေမှာ မိုးကြီးမယ်လို့ နယူးဆောက်ဝေး ဒုတိယ   ရဲမင်းကြီးက သတိပေးလိုက်ပြီး ရေကြီးသတိပေးချက်တွေ လိုက်နာကြဖို့ ပြည်သူတွေကို မှာကြားပါတယ်။  အဆင့် ၂ ရှိတဲ့  ဆိုင်ကလုန်း အူဝေဆီဟာ နယူးဆောက်ဝေး ကမ်းရိုးတန်း ကနေ ကီလိုမီတာ ၆၀၀ အကွာ လော့ဒ်ဟောင်းကျွန်းဆီ ဦးတည်နေပါတယ်။  ဆိုင်ကလုန်းကြောင့် လေပြင်းတွေ တိုက်ပြီးနောက်ထပ် မိုးရွာဦးမယ်လို့လည်း  ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up