ရေလုပ်သားများ

May 13, 2020

ဧရာဝတီတိုင်းတွင် ရေထွက်ကုန် ရောင်းဝယ်မှုကျဆင်းသွားသဖြင့် ရေလုပ်သားများ အခက်ကြုံ

ဧရာဝတီတိုင်းတွင် COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရေလုပ်ငန်း ရောင်းဝယ် မှုတွေ ကျဆင်းသွားတာကြောင့် ရေလုပ်ငန်းအရောင်းအဝယ်လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေနဲ့ ရေလုပ်သားတွေ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ ရေလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ ရေထွက်ကုန်တွေ အဓိက ဧရာဝတီတိုင်းကနေ တရုတ်နိုင်ငံကို အဓိကတင်ပို့နေတာဖြစ်ပြီး COVID-19 ရောဂါဖြစ်ပွားပြီးနောက်ပိုင်း တရုတ်စျေးကွက်မရှိတော့လို့ တင်ပို့မရတော့သလို ပြည်တွင်းမှာ ဖြန့်ဖြူရောင်းချပေမယ့် အများစုက ဝယ်ယူစားသုံးတာမရှိလို့ ရောင်းလိုအား ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ ကွန်းအဏ္ဏဝါရေထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးခင်ဝင်းအောင်က ပြောပါတယ်။ "အခုပြည်ပကို တင်ပို့လို့ မရတော့ ပြည်တွင်းစျေးကွက်မှာ အကြွေးနဲ့ ရောင်းထားရတယ်၊ ဆက်ပြီးတော့ လနဲ့ချီပြီး ဒီလိုဖြစ်နေအုံးမယ်ဆိုရင် ကနော့်လုပ်ငန်းကို ရပ်ပစ်ရတော့မယ်။ ပြည်တွင်းမှာလည်း အလုပ်လက်မဲ့ဦးရေ များလာတော့ ဝယ်စားမယ့်သူက မရှိတော့ဘူး။ ပိုက်ဆံ မရှိရင်တော့ ဘယ်သူမှ ဝယ်စားတော့မှာမဟုတ်ဘူး" လို့ ပြောပါတယ်။ ဧရာဝတီတိုင်းက ထွက်ရှိတဲ့ ရေထွက်ကုန်တွေကို အရင်က ပြည်ပကို ၅၀ ရာခိုင်နှုန်းတင်ပို့ပြီး ပြည်တွင်းမှာ ၅၀ ရာခိုင်နှုန်းရောင်းချခဲ့ကာ ယခုအခါ ပြည်ပကိုတင်ပို့နိုင်ခြင်းမရှိတော့သလို ပြည်တွင်းမှာလည်း ကုန်တင်ပို့ဖို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် သိသိသာ သာရောင်းလိုအား ကျဆင်းလာတယ်လို့ ဆိုပါတယ်။ ပြည်ပကိုတင်ပို့ဖို့အတွက် စျေးကွက် မရှိတော့သလို ပြည်တွင်းမှာ ရောင်းချဖို့အတွက်လည်း စက်ရုံ အလုပ်ရုံ၊ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေလည်း ပိတ်ထားရလို့ ပစ္စည်းရှိသလောက် ရောင်းချဖို့မဖြစ်နိုင်တော့တဲ့အခြေအနေရှိနေပါတယ်။ ဒါ့အပြင်အလုပ်လက်မဲ့ဦးရေများလာတဲ့အတွက် အများစုက မဝယ်နိုင် တော့တာကြောင့် ရေရှည်ဆက်သွားခဲ့ရင် ရေလုပ်ငန်းတွေလည်း ပိတ်ပစ်ရဖို့များတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ရေလုပ်ငန်းတွေပုံမှန် ရောင်းချရစဉ်အခါက နေ့စဉ်အလုပ်ဆင်းပြီး တစ်နေ့ကို ကျပ် ၁ သောင်းခွဲ ၂ သောင်းရခဲ့တဲ့ အလုပ်သမားအများစုမှ COVID-19 ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ရေထွက်ကုန်တွေရောင်းလိုအားမရှိတော့တာကြောင့် တစ်နေ့ခြားအလုပ်ဆင်းနေရသလို လုပ်ခတွေလည်း လျော့ချခံထားရလို့ စားဝတ်နေရေးအခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ ရေလုပ်သားတွေက ပြောပါတယ်။ "အခုက လုပ်ငန်းတွေ ရပ်ဆိုင်းထားတော့ တစ်ရက်ဆင်း တစ်ရက်နားလုပ်နေရတယ် Lockdown ချထားတဲ့ ရန်ကုန်ကမြို့တွေကို ဒီက ကားတွေမတက်ရတော့ လုပ်အားခရရှိတာက အရင်ကထက် ၄ ပုံ ၁ ပုံလောက်ပဲရတော့တယ်"လို့ ရေလုပ်ငန်းဒိုင်လုပ်သား ကိုဆန်းထွန်းအောင်က ပြောပါတယ်။ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်း ရေလုပ်ငန်းကုမ္ပဏီတွေနဲ့ တစ်နိုင်တစ်ပိုင်လုပ်ကိုင်သူ ၃၅၀ ဦးရှိပြီး နေ့စဉ် ငါးနဲ့ ပုဇွန်ကို အများဆုံးတင်ပို့နေတာပါ။ လက်ရှိအချိန်မှာ ရေလုပ်ငန်း လုပ်ကိုင်သူ အားလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ရောဂါအရေးပေါ်ကာလ ကျော်လွန်မှသာ ရေလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးလာနိုင်တယ်လို့ ပုသိမ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးအေးနိုင်က ပြောပါတယ်။ ရေထွက်ကုန်တင်ပို့ဖို့အတွက် တိုင်းအတွင်းက ပုသိမ်၊ ဖျာပုံ၊ လပွတ္တာ စတဲ့ ခရိုင်တွေက ကမ်းခြေဒေသတွေနဲ့ အင်း၊ အိုင်၊ ချောင်း၊ မြစ်ထဲကနေ အများဆုံးဖမ်းဆီးပြီး ရန်ကုန်စျေးကွက် ကနေတဆင့် ပြည်တွင်းဈေးကွက်တွေကို ပြန်ဖြန့်တာတွေရှိသလို အရင်က တရုတ်စျေးကွက် ကိုလည်း မူဆယ်ကနေတဆင့် တင်ပို့နေတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။ သတင်း-မင်းထက်မုန်း (ပုသိမ်)
2 years Ago

May 3, 2020

ပုသိမ်ဘူတာအနီးက ရေလုပ်သားများ နေရပ်ပြန်ရေးနှင့်စားဝတ်နေရေး အခက်အခဲဖြစ်နေ

COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ ဧရာဝတီတိုင်းအတွင်း ခရီးသွားယာဉ်လိုင်းတွေနဲ့ ရေလုပ်ငန်းတွေ ပိတ်ထားတာကြောင့် ပုသိမ်မြို့ ဘူတာအနီး နေထိုင်တဲ့ ရေလုပ်သား ၁၇ ဦး နေရပ်ပြန်ဖို့နဲ့ စားဝတ်နေရေး အခက်အခဲ ကြုံနေကြပါတယ်။ ဇာတိဒေသတွေကို ပြန်ဖို့အခက်အခဲဖြစ်နေတဲ့ ရေလုပ်သားတွေကတော့ ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်အတွင်းက ကျားဖောင်လုပ်ငန်းတွေနဲ့ ဟိုင်းကြီး စံပြကျေးရွာဘက်က ဂါးသင်္ဘော(ခ) ပင်လယ်ငါးဖမ်းသင်္ဘောတွေမှာ လိုက်ပါလုပ်ကိုင်နေတဲ့သူတွေဖြစ်ပြီး အများစုကတော့ ဧရာဝတီတိုင်းအတွင်းကဖြစ်ကာ တဦးကတော့ ပဲခူးတိုင်းဒေသကြီးမှာ နေထိုင်သူဖြစ်တယ်လို့ ရေလုပ်သားတွေက ဒီဗွီဘီကို ပြောပါတယ်။ “အားလုံး ဒီမှာဆို ၁၇ ဦးလောက်ရှိတယ်၊ အဆင်ပြေသလို နေနေရတာ၊ လူအသွားလာ နည်းတဲ့နေရာတွေမှာ ညဘက်ဆို သွားအိပ်ရတယ်၊ ရဲအဖမ်းခံရမှာလည်း ကြောက်ရသေးတယ်လေ၊ အားလုံးကတော့ အမျိုးသားတွေပါ။ ဘူတာမှာက ညဘက်ဆို မလုံခြုံဘူး၊ အဲ့တော့ ဘူတာနဲ့ ဝေးပြီး လူနဲ့မနီးတဲ့ လယ်ကွင်းတွေ အပင်အောက်တွေမှာ သွားအိပ်၊ မနက်ဆို ဘူတာကို ပြန်လာပြီး ရှာဖွေစားသောက်ရပါတယ်။ ပြန်လာတုန်းကတော့ အများကြီးပေါ့၊ မြို့နဲ့ နီးတဲ့သူတွေကတော့ ပြန်ကုန်ပါပြီ။ ဒီမှာကျန်တာ အားလုံးဆို ၁၇ ဦးပေါ့၊ ကော်ကောက်ပြီး ရတာလေးနဲ့ စားနေရတာ ထမင်းကတော့ ပုံမှန်မရှိဘူးပေါ့၊ ၂ ရက် ၁ ခါမှ စားရတာလည်းရှိတယ်၊ တနေ့လုံး ကော်ကောက်မှ ၁၂၀၀ လောက်ရတာဆိုတော့ စားဖို့အဆင်မပြေတော့ ပြန်ဖို့ဆိုတာ ပိုဆိုးတာပေါ့၊ အဲဒီလိုနဲ့ ဒီမှာ အခက်အခဲတွေ ကြုံနေရတာပါ” လို့ ပြောပါတယ်။ ပင်လယ်ပြင်တွေကနေ ရေလုပ်ငန်းလုပ်ကိုင်ပြီး ပြန်ရောက်လာသူတွေမှာ ပိုက်ဆံလမ်းစရိတ် ပြန်ပါလာသူတွေ ရှိသလို လူခေါ်ပွဲစား အလိမ်ခံလိုက်ရလို့ လမ်းစရိတ်တောင် မပါလာတော့တဲ့ သူတွေလည်း ရှိတာကြောင့် သူတို့တွေက ပုသိမ်ဘူတာအနီးတဝိုက်မှာ ကော်ကောက်တဲ့အလုပ်နဲ့ မြက်ပေါက် အမှိုက်ရှင်း စတဲ့အလုပ်လုပ်တွေ လုပ်ကိုင်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရတာပါ။ ခရီးလမ်းစရိတ် ပါလာလို့ နေထိုင်ရာဇာတိကို ပြန်သွားပြီး ပြန်ရောက်တဲ့အခါမှ ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ရွာသူရွာသားတွေက လက်မခံတော့လို့ ပုသိမ်ဘူတာအနီးက သူတို့ နေထိုင်ခဲ့တဲ့နေရာတွေကို ပြန်လာရသူတွေလည်း ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဖျာပုံခရိုင် နောက်မှီကျေးရွာမှာ ကျားဖောင်ဦးစီးအဖြစ် လုပ်ကိုင်ပြီး ပြန်လာသူ ကိုကျော်စိုးဝေက ဒီလိုရောဂါဆိုးကြီးဖြစ်နေတဲ့အခြေအနေကို ပင်လယ်ထဲမှာ မသိခဲ့လို့ နေထိုင်ရာဇာတိ ကျောင်းကုန်းမြို့နယ်ကို ပြန်သွားချိန်မှာ ရွာသားတွေနဲ့ ရွာက အုပ်ချုပ်သူက လက်မခံတော့လို့ ပုသိမ်မြို့ကို ပြန်လာခဲ့ရပြီး ဘူတာအနီးတဝိုက်မှာ ကော်ကောက်ပြီး နေထိုင်စားသောက်နေရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ COVID-19 ရောဂါကြောင့် ဧရာဝတီတိုင်းအတွင်း ခရီးသွားလာတဲ့ ယာဉ်လိုင်းတွေကို တိုင်းအစိုးရက ပြေးဆွဲဖို့ ပိတ်ထားခဲ့သလို ကုန်တင်ယာဉ်တွေနဲ့ အိမ်စီးကားတွေနဲ့ ခရီးသွားလာပါက ၅ ယောက်ထက် မပိုရ အမိန့်ထုတ်ပြန်ထားပြီး ယာဉ်စီးခလည်း ပုံမှန်ထက် နှစ်ဆ မြင့်တက်နေတာတွေကြောင့် လမ်းစရိတ်မလောက်လို့ မပြန်နိုင်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ပုသိမ်ဘူတာအနီး ဒုက္ခရောက်နေတဲ့ ရေလုပ်သားတွေကို နေရပ်ပြန်ပို့နိုင်ဖို့ စီစဉ်နေပြီး သက်ဆိုင်တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ညှိနှိုင်းတာတွေ ပြုလုပ်ထားတယ်လို့ ပုသိမ်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက ပြောပါတယ်။ ပင်လယ်ကနေ ပြန်လည်ရောက်ရှိလာတဲ့ ရေလုပ်သားတွေဟာ ဧပြီလ ၁ ရက်နေ့က စတင်ကာ ပုသိမ်မြို့ ဘူတာကြီးကို ရောက်ရှိလာတာဖြစ်ပြီး အတော်တော်များများက အသိတွေ လာခေါ်လို့ ပြန်လိုက်သွားတာ၊ ရေလုပ်ငန်းတွေ အလုပ်ပြန်စချိန် လုပ်ငန်းလုပ်ကိုင်ဖို့ ပွဲစားတွေ လာခေါ်လို့ ပြန်ပါသွားတာကြောင့် နေရပ်ပြန်ဖို့ အခက်အခဲရှိနေသူ ၁၇ ဦး ရှိနေတာပါ။  ဧရာဝတီတိုင်းအတွင်း ခရီးသွားလာတဲ့ ယာဉ်လိုင်းတွေကို တိုင်းအစိုးရက ပြေးဆွဲဖို့ ပိတ်ထားခဲ့သလို ကုန်တင်ယာဉ်တွေနဲ့ အိမ်စီးကားတွေနဲ့ ခရီးသွားလာပါက ၅ ယောက်ထက်မပိုရ အမိန့်ထုတ်ပြန်ထားတာတွေကို မေလ ၁၅ ရက်နေ့အထိ အမိန့်ထုတ်ပြန်ထားပါတယ်။ ခရီးသွားရေယာဉ်လိုင်းတွေကို နေခင်းပိုင်းအချိန်ကို ပြောင်းလဲပြေးဆွဲခိုင်းတာတွေရှိသလို မီးရထားလိုင်းတွေကိုလည်း အမြန်ရထားနဲ့ လော်ကယ်ရထားလိုင်းတွေကို မေလ ၁၅ ရက်နေ့ အထိ ရပ်နားထားကာ စာပို့ရထား ၁ စီးသာ ပုသိမ်ဘူတာကနေ ကြံခင်းဘူတာကို ပြေးဆွဲနေတာ ဖြစ်ပါတယ်။ မင်းထက်မုန်း (ပုသိမ်)
2 years Ago
Up