ရေရှားပါး

May 8, 2020

မွန်ပြည်နယ် ၁၀ မြို့နယ်စလုံးတွင် ရေရှားပါးမှုအခက်အခဲ ကြုံတွေ့နေရ 

မွန်ပြည်နယ် ၁၀ မြို့နယ် စလုံးမှာ ရေရှားပါးမှုမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး ပေါင်မြို့နယ်နဲ့ ချောင်းဆုံမြို့နယ်ဟာ အဆိုးဝါးဆုံး ခံစားနေရပါတယ်။  မွန်ပြည်နယ်ဟာ မတ်လ ဒုတိယအပတ်က စတင်ပြီး ရေရှားပါးမှု အခက်အခဲကို စတင်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တွေထက်စာရင် အဆိုးဝါးဆုံး နှစ်တစ်ခု ဖြစ်လာတယ်လို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ကိုဇင်မိုးက ပြောပါတယ်။ လက်ရှိမှာတော့ ရေရှားပါးတဲ့ ကျေးရွာတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေအပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက် လှူဒါန်းတာတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အခုလို သွားရောက် လှူဒါန်းဖို့အတွက် ရေယူရာမှာ ရေအရင်းအမြစ်တွေ ခန်းခြောက်လာလို့ အခက်အခဲ ရှိနေကြပါတယ်။ မွန်ပြည်နယ် တဝန်းမှာ ရေရှားပါးလာမှု အခက်အခဲကို ဖြေရှင်းဖို့အတွက် အတ္တရံမြစ်ကနေ ရေစုယူပြီး ဖြန့်ဝေပေးဖို့ လုပ်ဆောင်နေတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တွဲဘက်ညွန်ကြားရေးမှူး ဦးတင်ကိုကို ကပြောပါတယ်။ ဒါအပြင် ရေရှားပါးတဲ့ ကျေးရွာတွေကို စည်ပင်သာယာရေးအဖွဲ့ကလည်း သွားရောက် လှူဒါန်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ဇော်လွင်ထွဋ် 
2 years Ago

November 24, 2019

ကရင်ပြည်နယ်အတွင်း ရာသီဥတုပူပြင်း၍စိုက်ပါးခင်း အောင်ရေ ရရှိရေး အခက်တွေ့

ရာသီဥတုပူပြင်းတာကြောင့် အင်းအိုင်ချောင်းမြောင်းတွေမှာ ရေတွေခန်းခြောက်နေပြီး ကရင်ပြည်နယ်က စပါးစိုက်တောင်သူတွေအနေနဲ့ စပါးခင်းအောင်ရေရဖို့ ခက်ခဲနေတယ်လို့ ဒေသခံ လယ်သမားတွေက ဒီဗွီဘီကို ပြောပါတယ်။ စပါးစိုက်တောင်သူတွေအနေနဲ့ ရာသီဥတုပြောင်းလဲလာတာကြောင့် ဒေသနဲ့ကိုက်ညီတဲ့ အထွက်တိုး မျိုးစပါးတွေကို ပြောင်းလဲစိုက်ပျိုးလာတာတွေရှိပေမယ့် စပါးအောင်ရေအတွက် တနှစ်ထက်တနှစ် ရေရှားပါးလာတာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပါ။ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကုန်းရွာ ဦးစောပေါ်လင်က “ဒီနှစ်က ကြည့်ပါလား။ ဝါကုန်ရော။ စိတ်ညစ်တာ လက်ကုန်ပဲ။ရေလည်းမရှိဘူး အခု(မြေ)နင်းလိုက်ရင် မာကတောက်နေတာပဲ။ မိုးမရွာတဲ့အခါ စိတ်ဓာတ်ကျတာပေါ့” လို့ ပြောပါတယ်။ မိုးရွာရက်ဟာ ၁၉၈၀ ခုနှစ်နောက်ပိုင်း လျော့နည်းလာတဲ့အတွက် တနိုင်ငံလုံးအတိုင်းအတာအရ ရာသီဥတုပူပြင်းလာရတာလို့ ပြည်နယ်မိုးဇလဦးစီးဌာန လက်ထောက်ညွန့်ကြားရေးမှူးက ပြောပါ တယ်။ ကော့ကရိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှုး ဒေါ်နော်သူးလေထီးက “ကျမတို့အနေနဲ့ကတော့ မျိုးပြောင်းလဲဖို့တွေ စိုက်နည်းစနစ်ပြောင်းလဲပေမယ့်လည်း အဓိကပြဿနာက တောင်သူတွေရဲ့ မိုးခေါင်တဲ့အခါ ရေရှားတဲ့အခါမှာ ရေစုပ်ယူမယ့် ချောင်းမြောင်းတွေ ဖော်ထုတ်ပေးမယ်ဆိုရင်တော့ တောင်သူတွေဘဝ တိုးတက်မယ်”လို့ ပြောပါတယ်။ လှိုင်းဘွဲမြို့နယ်၊ထီလုံကုန်းကလေးကျေးရွာ၊ ဦးကဲကြီးက “အရင်တုန်းကဆိုရင် အအေးဓာတ်ရှိတော့ စပါးက ပူလိုက် အေးလိုက်ဆိုတော့ နှင်းကျလို့ရှိရင် စပါးကကောင်းတယ်။ အခုက ဝဲလည်းကြဲတယ်။ရေလည်းသွင်းတာ အပူချိန်က များနေတဲ့အခါကျတော့ ဘယ်လိုလုပ်ကောင်း တော့မလဲ” လို့ ပြောပါတယ်။ ကရင်ပြည်နယ်အတွင်း မိုးစပါးဧက ၄ သိန်းကျော်ရှိပြီး တောင်သူတွေအနေနဲ့ ဒေသနဲ့ကိုက်ညီတဲ့ ဆင်းသုခ၊ မနောပျက်၊ ပုလဲသွယ်၊ ရက် ၉၀ မျိုးစပါးတွေကိုပဲ အဓိကစိုက်ပျိုးရာမှာ ၁ ဧက တင်း ၆၀ လောက်ပဲထွက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စပါးစိုက်ပျိုးရာမှာ မိရိုဖလာသမားရိုးကျစိုက်ပျိုးနည်းစနစ်ကနေ ဒေသနဲ့ကိုက်ညီပြီး ရာသီဥတု ဒဏ်ခံနိုင်တဲ့ SRI စိုက်ပျိုးနည်းစနစ်ဟာ စပါးအထွက်နှုန်းအနေနဲ့ ၁ ဧက တင်း ၁၂၀ ကနေ ၁၅၀ အထိ အထွက်တိုးပေမယ့် ပြောင်းလဲစိုက်ပျိုးဖို့ ရေနဲ့ လုပ်သား အခက်အခဲတွေ ရှိနေတာပါ။ ဒါကြောင့် ကရင်တပြည်နယ်လုံးမှာ SRI စိုက်ပျိုးနည်းစနစ်နဲ့ စိုက်ပျိုးပြီးတာ ၆၂ ဧကပဲ ရှိတယ်လို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။ ကရင်ပြည်နယ်မှာ မိုးစပါးဧက ၂ သိန်းကျော်ဟာ မိုးသည်းသည်းထန်ထန်ရွာတာ၊ တောင်ကျ ချောင်းရေတွေကြောင့် မိုးစပါးခင်းတွေ ရေနစ်မြုပ်ပျက်စီးတာကို နှစ်စဉ်ကြုံရသလို စပါး အောင်ရေ ရဖို့လည်း နှစ်စဉ်အခက်ကြုံနေရပါတယ်။ ရဲမင်းခေါင်  
2 years Ago
Up