ရေမဆေးသမား

A d v e r t i s e m e n t With Us

July 2, 2020

ဖားကန့်မြေပြိုမှုတွင် သေဆုံးသူ  ၁၁၃ ဦး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိထား

ကချင်ပြည်နယ်၊  ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုမှာ   မိုးရွာသွန်းပြီး မြေပြိုကျခဲ့ရာမှာ ဒီနေ့ မွန်းတည့် ၁၂ ရီကျော်လောက်အထိ သေဆုံးသူ ၁၁၃ ဦးရှိသွားပြီလို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ မနက် ၁၀ နာရီလောက်အထိ သေဆုံးသူ ၅၀ ဦး၊ မနက် ၁၁ နာရီ ကျော်မှာ  သေဆုံးသူ ၄၇ ဦးနဲ့  မွန်းတည့် ၁၂ နာရီ ကျော်မှာ  သေဆုံးသူ ၂၆ ဦး၊  စုစုပေါင်း (၁၁၃)ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့ပြီး  ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒီနေ့ မနက် ၈ နာရီလောက်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းမှာ ရေမဆေးသမားတွေက ရေမဆေးကျောက်ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျခဲ့တာပါ။  မြေပြိုကျမှုကြောင့် နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေတွေ နွံနစ်နေတဲ့ သတင်းရရှိလို့ သက်ဆိုင်ရာနဲ့ မီးသတ်တပ်ဖွဲ့က သွားရောက်ကယ်ဆယ်နေတာဖြစ်ပြီး သေဆုံးသူ ထပ်တိုးလာဖွယ်ရှိနေပါတယ်။ ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့
8 months Ago

June 1, 2020

ဖားကန့်တွင် ကမ်းပါးပြိုကျပြီး ရေမဆေးသမား ၂ ဦး မြေပိ သေဆုံး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ သောင်းကော့ကျေးရွာအနီးမှာ ဒီမနက် ဆယ်နာရီလောက်က သက်တမ်းကုန် လုပ်ကွက်က ကမ်းပါးပြိုကျတာကြောင့် ရေမဆေးရှာဖွေသူ ၂ ဦး သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းက သိရပါတယ်။ သေဆုံးသွားသူ ရေမဆေးနှစ်ဦးဟာ တနိုင်းမြို့ဇာတိ ကချင်တိုင်းရင်းသားတဦးဖြစ်တဲ့ ဆမားဇော်ကိန် (၂၉)နှစ်နဲ့ ၊ ဆဒုံးမြို့ ရပ်ကွက်(၁) အားဟုတ်(ခ)ရှင်းချန်း (၂၁)နှစ်တို့ ဖြစ်ပြီး ဦးခေါင်းနဲ့ မျက်နှာတွေ ကြေညက်သွားပြီး သေဆုံးသွားခဲ့တာလို့ဆိုပါတယ်။ သောင်းကောင့်ကျေးရွာအနီး အရင်ကျောက်တူးကုမ္ပဏီတခုရဲ့ သက်တမ်းကုန် ကျောက်စိမ်းလုပ်ကွက်ကမ်းပါးခြေမှာ ရေမဆေးကျောက် ရှာဖွေစဉ် အမြင့်ပေ ၃ဝဝ လောက်ကနေ ရုတ်တရက် ကမ်းပါးပြိုကျပြီး မြေစာပိသေဆုံးခဲ့တာလို့  မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ အဆိုပါ နေရာမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်  ည ၇ နာရီလောက်ကလည်း  ဦးရန်အောင် (၃၃)နှစ်ဟာ ယခုပြိုကျမယ့် ကမ်းပါးပေါ်ကနေ ပြုတ်ကျ သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီနေရာမှာပဲ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့ကလည်း ရေမဆေးရှာဖွေသူ တစ်ဦး ကမ်းပါးပြိုကျမှုကြောင့် မြေပိသေဆုံးခဲ့ဖူးပါတယ်။ ဖားကန့်မြို့နယ် ဖားကန့်-လုံးခင် ရတနာနယ်မြေမှာ မြေကမ်းပါးပြိုကျမှုတွေကြောင့် ၂ဝ၁၇ နှစ်ကစပြီး နှစ်စဉ် လူပေါင်း ၅၀ ထက် မနည်းသေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ အခု ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁ရက်နေ့အထိ ယခုဖြစ်စဉ်အပါအဝင် မြေပြိုကျမှု ၈ ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၄ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာ ပြင်းထန်စွာရခဲ့တယ်လို့ သက်ဆိုင်ရာ ရဲမှတ်တမ်းနဲ့ မီဒီယာ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ သတင်း- ဇော်မိုးထက် (ဖားကန့် )  
9 months Ago
Up