ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာမှာ ဇန်နဝါရီ ၃၀ ဒီနေ့ မနက်ပိုင်းက ကမ်းပါးပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူတွေ ၄ ယောက် သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်ပေးနေတဲ့ ဒေသခံတွေထံကသိရပါတယ်။
နမ့်မှော် ကျေးရွာအနီး ကျောက်စိမ်း လုပ်ကွက်ဟောင်းတစ်ခုမှာ အမျိုးသား ၄ ယောက် ရေမဆေးကျောက် ရှာဖွေနေစဉ် ကမ်းပါးပြိုကျခဲ့လို့ သေဆုံးခဲ့တာဖြစ်ပါတယ်။
လူမှုကယ်ဆယ်ရေးဝင်ရောက်လုပ်ကိုင်ပေးခဲ့တဲ့ ဒေသခံတစ်ဦးက " မနက် ၉ နာရီလောက်က ကုမ္ပဏီလုပ်ကွက်ဟောင်းထဲမှာ သူတို့လေးယောက် ကျောက်ရှာနေတုန်း အနောက်ဘက်က ပေတစ်ရာလောက်ရှိတဲ့ကမ်းပါးပြိုကျတာ။ ပွဲချင်းပြီးသေတယ်" လို့ ပြောပါတယ်။
ကမ်းပါးပြိုပြီး သေဆုံးခဲ့တဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရေမဆေးကျောက်ရှာဖွေသူတွေက ဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီး ရှာဖွေရာမှာ မနက် ၁၀ နာရီ လောက်မှာ တူးဖေါ်ရရှိခဲ့ပါတယ်။
ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ က ကျောက်ယမ်းခွဲရာကနေ ကမ်းပါးပြိုကျခဲ့တဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူ နှစ်ယောက်သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက မြေစာပုံ ပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာသူ အမျိုးသား နှစ်ယောက် သေဆုံးခဲ့တယ်လို့ ရေမဆေးကျောက်ရှာသူတွေ က ပြောပါတယ်။
မှော်ဆီစာရွာနားက ကုမ္ပဏီလုပ်ကွက်ဟောင်း တခုမှာ မြေစာတင်ကားက မြေစာလာပုံချိန် မြေစာ ပုံ ပြိုကျခဲ့လို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ရေမဆေးကျောက်ရှာသူ တဦးက "မြေစာကား မြေစာသွန် နေတုန်း မြေစာပုံ ပြိုကျတာ။ အောက်မှာ ရေမဆေးရှာတဲ့သူ နှစ်ဦး သေတယ်။ အလောင်းတွေကို လူမှုကူညီရေး ကားနဲ့ သယ်သွားတယ်။” လို့ ပြောပါတယ်။
မြေပုံပြိုကျလို့ အသက် ၃၀ ကျော် အရွယ် တယောက်နဲ့ အသက် ၄၀ ကျော် အရွယ် တယောက်တို့ သေဆုံးခဲ့တာပါ။
မိုးကာကျေးရွာမှာလည်း အောက်တိုဘာလက မြေစာပုံပြိုကျပြီး ရေမဆေးကျောက် ရှာသူ အမျိုးသား နှစ်ယောက် သေဆုံးခဲ့ပါတယ်။
ဖားကန့်မြို့နယ်ထဲက မှော်ဆီစာ၊ မမုံနဲ့ မက်လင်ချောင်ရွာတွေမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်တွေ မှာ ညလုံးပေါက် ကျောက်စိမ်းတူးဖော်တာတွေ ပုံမှန်ရှိနေဆဲ ဖြစ်ပါတယ်။