ရေဘေးသင့်ပြည်သူများ

July 28, 2021

မြဝတီမြို့က ရေဘေးသင့်ပြည်သူများကို စစ်ကောင်စီ မကူညီသဖြင့် ပြည်သူချင်းပြန်ကူညီ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ရေဘေးသင့်ပြည်သူတွေကို အာဏာသိမ်းစစ်ကောင်စီက မညီတဲ့အတွက်   ပြည်သူအချင်းချင်းပြည်ကူညီနေကြရတယ်လို့  ဇူလိုင် ၂၈ ရက် မနက်ပိုင်းက ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေထံက  သိရပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ ညပိုင်းကစတင်ပြီး သောင်ရင်းမြစ်ရေကြီးမှုကြောင့် ယာယီကယ်ဆယ် ရေးစခန်းတွေမှာ ခိုလှုံနေရတဲ့မိသားစုဝင်တွေကို စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေက နေထိုင်စားသောက်ရေးအတွက် ထောက်ပံ့ကူညီတာမရှိတဲ့အတွက် ပြည်သူက ပြည်ကို ပြန်လည်ကူညီမှုတွေ လုပ်ဆောင် ပေးနေရတာပါ။

မြဝတီမြို့ခံ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ လူငယ်တစ်ဦးက "စကစက ကူညီထောက်ပံ့တာ ဘာမှမရှိဘူး။ အဓိက က တပိုင်တနိုင်ကုသိုလ်ရှင်တွေပဲ စခန်းတွေစုံစမ်းပြီတော့ လိုက်လှူနေတဲ့ အဖွဲ့ပဲရှိတယ်။ ဒီ စကစက လှူနေတာဘာမှ မရှိဘူး။ ပြည်သူက ပြည်သူကို ပြန်ကူညီတာပဲ ရှိတယ် "လို့ ဆိုပါတယ်။

ယာယီကယ်ဆယ်ရေးစခန်းတွေမှာလည်း စစ်ကောင်စီတာဝန်ရှိသူတွေက ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အညီ ပြင်ဆင်ဆောင်ရွက်ပေးတာ မရှိသလို ကျန်းမာရေးဝန်ထမ်းတွေကို အနီးကပ်တာဝန်ချထားတာမရှိပါဘူးလို့လည်း ဆိုပါတယ်။

မြိုနယ်စစ်ကောင်စီ  တာဝန်ရှိသူတစ်ဦးက ရေဘေးသင့်ပြည်သူ့တွေရဲ့စာရင်း အသေးစိတ်သိရဖို့ လိုက်လံကောက်ယူနေတုန်းဖြစ်သလို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အနီးကပ်ကြီးကြပ်ဖို့ တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။

အမှတ် ၅ ရပ်ကွက်နေ ရေဘေးသင့် ပြည်သူတစ်ဦးက "အခု နေထိုင်စားသောက်ရေးက အလှူရှင်တွေ လာလှူတာစားနေရတယ်။ တာဝန်ရှိတဲ့သူတွေက လာထောက်ပံတာ ဘာတစ်ခုမှ မရှိဘူး"လို့ ဆိုပါတယ်။

နေအိမ်ရေနစ်မြုပ်ခဲ့တဲ့ အမှတ် ၁၊ ၂၊ ၃နဲ့ ၅ ရပ်ကွက်က အိမ်ထောင်စုဝင် ၂၀၀၀ လောက်ဟာ ယာယီဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ အလှူရှင်တစ်ဦးရဲ့ ဟိုတယ်အဆောက်အဦ အပါအဝင် ကယ်ဆယ်ရေးစခန်း ၈ ခုမှာ ပရဟိတအသင်းတွေရဲ့အကူအညီနဲ့ ခိုလှုံနေရတာပါ။

1 year Ago

August 19, 2020

ဖားကန့် ရေဘေးသင့်ပြည်သူများအတွက် အစားအစာနှင့် ရေသန့်များလှူဒါန်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ  ရေဘေးသင့်ပြည်သူတွေ စားဝတ်နေရေးအခက်ကြုံနေတဲ့ အတွက်  ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က   ခေါက်ဆွဲခြောက်ဘူးတွေနဲ့ ရေသန့်တွေ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ ဩဂုတ်လ ၁၆ ကနေ ၁၈ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းမှ ရေကြီးမှုဒဏ် ခံရတဲ့ ငှက်ပျောတောရပ်ကွက်၊ မြို့မရပ်ကွက်၊ အေးမြသာယာရပ်ကွက်၊ မရှီကထောင်ရပ်ကွက်၊ လုံးခင်းကျေးရွာအတွင်းရှိ အိမ်ခြေပေါင်း ၇၀၀ ကျော်ရှိ  ရေဘေးသင့်ပြည်သူတွေထံ  အစာနဲ့ ရေ သွားရောက်လှူဒါန်းခဲ့တာပါ။ ဖားကန့်မြို့နယ် ဒီမိုကရေစီပါတီ  ဥက္ကဋ္ဌ ဦးသိန်းဟန်က “ရေကကြီးသွားပြီဆိုတော့ ကျနော်တို့အနေနဲ့ နောက်ကနေ ဘာတွေ လိုက်ပံ့ပိုးပေးရမလဲစဉ်စားရပါတယ်။ အခြေခံ အခုလိုအပ်နေတာက စားဝတ်နေရေးပါ။ ပြီးတော့ သောက်စရာ ရေသန့်အခက်အခဲဖြစ်ကြမယ်လေ။ ဆက်လက်ပြီးတော့လည်း ရေဘေးသင့်ပြည်သူတွေကို လိုအပ်တာတွေ ကူညီနေမှာပါ။ ဘယ်သူရယ် ဘယ်ဝါရ လုံးဝ မခွဲခြားပါဘူး ။ ဖားကန့်ကတော့ မိုးလေးနည်းနည်း မများလိုက်နဲ့ ရေက တန်းကြီးတော့တာပါပဲ။”လို့ ပြောပါတယ်။ ဖားကန့်မြို့မှာ မိုးများပြီး ဥရုချောင်းရေကြီးမှုဟာ ၂၀၂၀ ခုနှစ်အတွင်း ၉ ကြိမ်အထိ ရှိခဲ့ပြီး ဒီနှစ် ရေကြီးမှုကတော့ ၃ နှစ်တာကာလအတွင်း အဆိုးဝါးဆုံး ရေကြီးမှုတစ်ခုဖြစ်တယ် ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ပြောပါတယ်။ မိုးဆက်မရွာတော့တာကြောင့် ရေကြီးမှုတွေ ထပ်မံမဖြစ်တော့ပေမယ့် မြို့ပေါ် (၄) ရပ်ကွက် ဖြစ်တဲ့ ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာ၊ မရှီကထောင် ရပ်ကွက်နဲ့ လုံးခင်းကျေးရွာတချို့ နေရာတွေမှာရေနစ်မြုပ်နေလို့  ဒေခံတွေ စားဝတ်နေရေးအခက်အခဲရှိနေပြီး အလှူရှင်လိုအပ်နေတယ်လို့  ကွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌ  ဦးသန်းဇော်ကွန်းက ပြောပါတယ်။ သတင်း- စစ်ကိုနိုင်ထွန်း
2 years Ago
Up