ရေဘေးရှောင်

August 5, 2020

အမရပူရမြို့နယ်က ရေဘေးရှောင်များ အိမ်ပြန်  

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ တာရိုးကျိုးပေါက်ခဲ့လို့ ရေဘေးရှောင်ခဲ့သူတွေအားလုံး လက်ရှိမှာ ရေပြန်ကျလို့ ကယ်ဆယ်ရေးစခန်းတွေကနေ သူတို့နေအိမ်တွေကို ပြန်နေကြပြီလို့  မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အမရပူရမြို့နယ် စစ်ကိုင်း-မန္တလေး ကမ်းနားလမ်း ရွှေခဲရေဆိုးထုတ်စက်ရုံအနီးမှာ ဇူလိုင် ၁၉ ရက်ညက တာရိုးကျိုးပေါက်တာကြောင့် ဧရာဝတီမြစ်ရေဟာ လူနေရပ်ကွက်တွေထဲ ဝင်ရောက်ခဲ့ပြီး လူပေါင်း ၁၄၀၀၀ လောက် ရေလွတ်ရာမှာ နေရာပြောင်းရွှေ့ နေထိုင်ခဲ့ရပါတယ်။ ရေဘေးသင့်သူတွေနေထိုင်ဖို့ ရေဘေးရှောင်စခန်း ၃၀ လောက်မှာ စီစဉ်နေရာချထားခဲ့ပြီး အခုအခါ ရေပြန်ကျပြီဖြစ်တာကြောင့် နဂိုနေအိမ်တွေမှာ ပြန်နေကြပြီဖြစ်ပါတယ်။ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်းက “နေအိမ်တွေမှာ ပြန်နေတဲ့အခါ ရာအိမ်မှူး ဆယ်အိမ်မှူးတွေနဲ့ပေါင်းပြီး သန့်ရှင်းရေးလုပ်ဖို့ ဆောင်ရွက်ပေးတာတွေ လျှပ်စစ်မီးဆင်တာတွေ လုပ်ပေးတယ်”လို့ ပြောပါတယ်။ ရေဘေးသင့်တွေအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့က ကူညီထောက်ပံ့တာတွေလုပ်တဲ့အပြင် အလှူရှင်တွေကလည်း ကူညီတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။   အခုအခါ ကျိုးပေါက်သွားတဲ့ တာရိုးကို စနစ်တကျပြန်ပိတ်နိုင်ခဲ့ပြီး ရေတွေကို စုတ်ထုတ်တာ တွေလည်း လုပ်ဆောင်နေတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ တာရိုးကျိုးခဲ့တဲ့အတွက် ယာဉ်တွေဖြတ်သန်းသွားလာလို့ မရတော့ဘဲ မြို့တွင်းလမ်းကနေ ဖြတ်ရတာကြောင့် ယာဉ်ကြောကြပ်တာတွေဖြစ်ပြီး ယာဉ်တွေဖြတ်သန်းသွားလာနိုင်ဖို့အတွက် အမြန်ဆုံး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။  သတင်း - နိုင်လင်းဦး
1 year Ago
Up