ရေဘေးကယ်ဆယ်ရေးစခန်း

September 27, 2022

ပါကစ္စတန် ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီစာသင်ကျောင်း ဖွင့်လှစ်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်ရဲ့ မြို့တော် ကူအက်တာရှိ ရေဘေးကယ်ဆယ်ရေးစခန်း တခုမှာ ကလေးငယ် ဒါဇင်ပေါင်းများစွာကို ပညာသင်ကြားနိုင်စေဖို့ ဒေသခံ NGO တခုဖြစ်တဲ့ အလ်ခိမဒ် ပါကစ္စတန် ဖောင်ဒေးရှင်းက ယာယီကျောင်းတခု ဖွင့်လှစ်ပေးခဲ့ပါတယ်။

ရာနဲ့ချီတဲ့ ပါကစ္စတန် ရေဘေးသင့်ပြည်သူတွေဟာ ကားလမ်းမတွေတလျှောက်နဲ့ မြေကွက်လပ်တွေမှာ ဆောက်လုပ်ပေးထားတဲ့ ယာယီတဲစခန်းတွေမှာ သီတင်းပတ်ချီ နေထိုင်နေကြရပြီး အများစုမှာ စားနပ်ရိက္ခာနဲ့ ရေ ပြတ်လပ်နေကြပါတယ်။ 

မကြာသေးမီလတွေအတွင်း ဆိုးဆိုးရွားရွား ရေကြီးရေလျှံမှုတွေ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၆၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ လူပေါင်းသန်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး ပျက်စီးဆုံးရှုံးမှုက ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ရှိပါတယ်။  

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက် သောကြာနေ့မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ခေါင်းဆောင်များ နှစ်ပတ်လည် အစည်းအဝေးမှာ ပါကစ္စတန်ဝန်ကြီးချုပ် ရှာရစ်ဖ်က ကမ္ဘာကြီး ပူနွေးလာမှုကို သူ့ပြည်သူတွေက ဒဏ်ခံနေရကြောင်း ပြောသွားပါတယ်။

ပါကစ္စတန်အစိုးရနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်တို့ နှစ်ဦးစလုံးဟာ ရာသီဥတု ဖောက်ပြန်မှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ရတဲ့အပေါ်  အပြစ်တင်ခဲ့ကြပါတယ်။

2 months Ago

July 27, 2021

မြဝတီမြို့က ရေဘေးဒုက္ခသည်စခန်းတွင် ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မည့်အန္တရာယ်စိုးရိမ်

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ရေဘေးရှောင်ပြည်သူတွေအတွက် ယာယီဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေဟာ ကိုဗစ်-၁၉ စည်းကမ်းအတိုင်းဆောင်ရွက်ထားတာ မရှိတဲ့အတွက် ရောဂါကူးစက်ပြန့်ပွားမှာကို စိုးရိမ်တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ ညပိုင်းက သောင်ရင်းမြစ်ရေကြီးလို့ နေအိမ်ရေနစ်မြုပ်ခဲ့တဲ့ အမှတ် ၁၊ ၂ နဲ့ ၅ ရပ်ကွက်က အိမ်ထောင်စုဝင် ၁၀၀၀ ကျော်လောက်ဟာ ယာယီဖွင့်လှစ်ထားတဲ့ ကျွန်းတောရပ်က စာသင်ကျောင်း ၂ ကျောင်းမှာ သွားရောက် ခိုလှုံနေကြတာပါ။

မြဝတီမြို့၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက "ရေဘေး ကယ်ဆယ်ရေးစခန်းတွေမှာ ကိုဗစ်စည်းကမ်းအတိုင်း မပြင်ဆင်ရသေးတော့ ရေဘေးနဲ့ ကိုဗစ်က တော်တော်လေး ပြန်ထိန်းချုပ်ရမယ့် အနေအထားမှာဖြစ်သွားပြီ" လို့ ဆိုပါတယ်။

မြဝတီမြို့မှာ ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်နေချိန် ကူးစက်မှုထိန်းချုပ်နိုင်ဖို့ Stay At Home အစီအစဉ် သတ်မှတ်လုပ်ဆောင်နေရာက  ရေကြီးမှု ထပ်မံကြုံတွေ့ရတဲ့အတွက် ပြည်သူတွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမယ့် အနေအထားမှာရှိတယ်လို့ ရပ်ကွက်တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အမှတ် ၁ ရပ်ကွက်နေ ရေဘေးဒုက္ခသည်တစ်ဦးက  "ရေကြီးတာက နှစ်စဥ်ပုံမှန်ကြီးတယ်။ ရေကြီးမယ်ဆိုတာ သိသိနဲ့ ကြိုတင်ပြင်ဆင်တာ မရှိတော့ ရေဘေးကြောင့်မသေဘဲ  ကိုဗစ်ကူးစက်ခံရပြီး သေရမယ်ပုံစံ" လို့ ပြောပါတယ်။

ရေဘေးရှောင် ယာယီစခန်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အနီးကပ်ကြီးကြပ်ဖို့ တာဝန်ပေးထားတယ်လို့ မြိုနယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာ ကျော်လွန်ပြီး ၁၂၀၆ စင်တီမီတာကို ကျော်လွန်ရောက်ရှိနေတာကြောင့် မြေအနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ရေလွတ်ရာ အမြင့်ပိုင်းကို ရွှေ့ပြောင်းနေထိုင်ဖို့ ကရင်ပြည်နယ် မိုးဇလက သတိပေးနှိုးဆော်ထားပါတယ်။

1 year Ago
More News
Up