ရေဘေး

December 2, 2020

တောင်ဆူဒန်တွင် ရေဘေးနှင့် အကြမ်းဖက်မှုများကြောင့် ပြည်သူ ၁ သန်းကျော် နေရပ်စွန့်ခွာရ

တောင်ဆူဒန်နိုင်ငံက ရေဘေးသင့် ပြည်သူ ၁ သန်းကျော်ဟာ ဇူလိုင်ကတည်းက ရေကြီးမှုကြောင့် သူတို့အိမ်တွေကို စွန့်ခွာပြီး ယာယီစခန်းမှာ နေကြရတာ ၂ လ ကြာပြီ ဖြစ်ပါတယ်။  ဝါး(ပ်)ပြည်နယ်မှာ ဇူလိုင်လတည်းက ရေဘေးကြောင့်ရော အကြမ်းဖက်မှုတွေကြောင့်ပါ လူ ၃၇၇,၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ရွှေ့ခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးက ပြောပါတယ်။ ရေမကြီးခင်က ရေနံထွက်တဲ့ တောင်ဆူဒန်နိုင်ငံဟာ ပြည်တွင်းစစ် ၅ နှစ်ကို ဖြတ်သန်းခဲ့ရပြီး ၂၀၁၈ မှာတော့ မခိုင်မာတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်နဲ့ စစ်ပွဲ ပြီးဆုံးခဲ့ပါတယ်။ နယ်ပယ် ၇၈ ခုရှိတဲ့ တောင်ဆူဒန်ရဲ့ တဝက်လောက်ဟာ အဆိုးရွားဆုံး မိုးကြီးတာကို ရင်ဆိုင်ရအပြီး ရေအောက်မြုပ်နေခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ရေဘေးသင့်မှုအပြင် ဓားပြတွေနဲ့ တိုင်းရင်းသား ပြည်သူ့စစ်တွေရဲ့ တိုက်ခိုက်မှုတွေက ဖြစ်နေကျလို ဖြစ်နေတယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။ “လူတွေ လက်လွတ်စပယ် အသတ်ခံနေရတယ်။ မလုံခြုံမှုက ဆိုးရွားလွန်းလို့ မေလမှာ ကောက်ပဲသီးနှံတွေကိုတောင် မစိုက်နိုင်ခဲ့ဘူး” လို့ ဝါးပ်ပြည်နယ် တွန့်ဂျ်မြို့နယ် သက်သာချောင်ချိရေးနဲ့ ပြန်လည်နေရာချထားရေးကော်မရှင်က ညှိနှိုင်းဆောင်ရွက်ရေးမှူးက ပြောပါတယ်။ လူတွေဟာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ ကြီးကြပ်မှုကနေ စားစရာတွေသာ ရမနေရင် လူအများအပြားက ဆာလောင်မွတ်သိပ်ပြီး သေကုန်ကြလိမ့်မယ်လို့လည်း ပြောပါတယ်။
4 months Ago

July 20, 2020

ဘင်္ဂလားဒေ့ရှ်တွင် လူ ၂ သိန်းကျော် ရေဘေးသင့်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုံမိုးကြောင့် ရေဘေးသင့်နေတဲ့ နေရာအစိတ်အပိုင်းတွေမှာ လူ ၂ သိန်းကျော်ဟာ ရေဘေးကနေ ထွက်မပြေးနိုင်ဘဲ သောင်တင်နေတယ်လို့ ဇူလိုင် ၁၉ ရက် ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီသီတင်းပတ်အစောပိုင်းမှာ ထောင်သောင်းချီတဲ့ လူတွေ ရေဘေးသင့်ခဲ့သလို စိုက်ပျိုးမြေ ဟက်တာထောင်ချီလည်း ရေနစ်မြုပ်နေတယ်လို့ အရာရှိတွေက ပြောပါတယ်။ လာမယ့်ရက်တွေမှာ အကျပ်အတည်းက ပိုဆိုးလာမယ် မျှော်လင့်ထားတယ်လို့ ကပ်ဘေး စီမံခန့်ခွဲရေးအရာရှိတယောက်က ပြောပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာလည်း မိုးကြီးလို့ လူ ၄ ဒသမ ၁ သန်း ရေဘေးသင့်နေနိုင်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ကြီးတွေက ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံ တိဘက်ဒေသက မြစ်ဖျားခံပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေထဲ ဖြတ်စီးတဲ့ ဗြဟ္မပုတ္တရမြစ်ဟာ အာသံပြည်နယ်ထဲမှာ သီတင်းပတ်ကုန်ရက်က ကမ်းပါးကျိုးပေါက်ခဲ့လို့ ရွာ ၂၀,၀၀ ကျော် ရေဘေးသင့်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် အသွားအလာ ကန့်သတ်ထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ရေဘေးကြောင့် ထပ်မံ အခက်အခဲ ကြုံနေရတာပါ။ ဘင်္ဂလားဒေ့ရှ်မှာ ဇူလိုင် ၂၀ ရက်အထိ အတည်ပြုချက်အရ ကူးစက်ခံ ၂ သိန်းကျော်နေပြီး ကူးစက်ခံ သေဆုံးသူ ၂၆၀၀ ကျော်ခဲ့ပါပြီ။
9 months Ago
More News
Up