ရေဖြူမြို့နယ်

January 6, 2022

ရေဖြူမြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အာဏာသိမ်းစစ်တပ်  စကခ ၈ လက်အောက်ခံ ခမရ ၄၀၇ တပ်ရင်းဌာနချုပ်မှာ  ဇန်နဝါရီ ၅ ရက်က လုံခြုံရေးတာဝန်ယူထားတဲ့ စစ်သားအချင်းချင်း ရန်ဖြစ်ပြီး  ဓားထိုးမှုဖြစ်ခဲ့လို့  စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ယောက်သေဆုံးသွားခဲ့တယ်လို့ အဲဒီတပ်ရဲ့ ကြေးနန်းစာအရ သိရပါတယ်။ 

ဒုအရာခံဗိုလ် မြင့်ဦး ဦးစီးတဲ့ လုံခြုံရေးအဖွဲ့ဟာ လုံခြုံရေးဆောင်ရွက်နေချိန် တပ်သား စနေမင်းနဲ့ ပြည့်စုံအောင်တို့ စကားများရန်ဖြစ်ခဲ့ကြတာပါ။  တပ်သား စနေမင်းက အသွား ၈ လက်မ အရိုး ၄ လက်မရှိတဲ့ ဓားနဲ့ တပ်သားပြည့်စုံအောင်ရဲ့ ညာဘက်ရင်ညွန့်ဘေးကို ထိုးခဲ့ပြီး တပ်သားပြည့်စုံအောင်ဟာ အဲဒီနေရာမှာတင် သေဆုံးခဲ့ပါတယ်။ 

ဓားနဲ့ ထိုးခဲ့တဲ့ တပ်သား စနေမင်းကို ဇန်နဝါရီ ၅ ရက်နေ့မှာ တပ်ရင်းဌာနချုပ်ကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီး တပ်ရင်း ဗဟိုကင်းမှာ စစ်စည်းကမ်းအရ အရေးယူဆောင်ရွက်ဖို့ ချုပ်နောင်ထားတယ်လို့ ခမရ ၄၀၇  တပ်ရဲ့ ကြေးနန်းစာမှာ ရေးသားထားပါတယ်။

2 weeks Ago

October 22, 2021

ရေဖြူမြို့နယ်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံး၊ ၅ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဖြူမြို့နယ်မှာ အောက်တိုဘာ ၂၀ ရက်နေ့က  ဒလန်အဖြစ်သတ်မှတ်ခံရထားသူ ဦးမိုးဟိန်းကို DGRF အဖွဲ့က သုတ်သင်ရှင်းလင်းပြီးနောက် စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂၀ ရက် ည ၁၀ နာရီလောက် အခင်းဖြစ်နေရာ အနီးအနားက အိမ်တွေကို ဝင်ရောက်ရှာဖွေပြီး အခုလို ပစ်သတ်ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

သားဖြစ်သူ PDF သင်တန်းတက်ရောက်နေတယ်ဆိုပြီး ဒလန်က သတင်းပေးတာကြောင့် လာရှာရာမှာ သားဖြစ်သူကို မတွေ့တဲ့အတွက် အသက် ၆၀ အရွယ် ဦးကြည်သိန်းကို နေအိမ်ပေါ်က ခေါ်ချပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

ဦးကြည်သိန်းဟာ နိုင်ငံရေးနဲ့ ပတ်သတ်ဆက်နွှယ်မှုမရှိဘဲ ကျေးရွာတွင်း အေးအေးဆေး နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဦးကြည်သိန်းအား ပစ်သတ်ပြီးနောက်  အလောင်းကို ကားနဲ့ သယ်ယူသွားပြီး အောက်တိုဘာ ၂၁ ရက်နေ့က တပ်ဆေးရုံမှာ ငွေကျပ် ၅ သိန်းနဲ့ အလောင်းလာယူဖို့ အကြောင်းကြားခဲ့ပေမယ့် သွားမယူရဲကြဘူးလို့ ရွာခံတဦးက ပြောပါတယ်။

ရေဖြူမြို့နယ် (ဃ) ရပ်ကွက်က အန်အယ်လ်ဒီပါတီရုံး ခြံစည်းရိုးမှာလည်း ဒီနေ့မနက်ပိုင်းက စာရေးပြီး လူဦးခေါင်းပြတ်တခု လာချိပ်ထားတာ တွေ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၅၀ အရွယ်ဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာလည်း မသိရသေးပါဘူး။

ဓာတ်ပုံ- Y2SC

3 months Ago
Up